Isaiah 38
38:1 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကိုစီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့်တော်ကို ပြန်လေ၏။
38:2 ဟေဇကိမင်းသည်လည်း ထရံသို့မျက်နှာလှည့်၍၊ အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့်ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
38:4 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊
38:5 သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပတ္ထနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အသက်၌ တစ်ဆယ်ငါးနှစ်ကို ငါဆက်၍ ပေးမည်။
38:6 သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါကယ်လွှတ်မည်။ ဤမြို့ကို ငါကွယ်ကာစောင့်မမည်အရာကို ပြောလော့ဟု မိန့်တော်မူ၏။
38:7 ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အားပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
38:8 ကြည့်ရှုလော့။ အာခတ်၏ နေတိုင်းနာရီပေါ်မှာ ရွေ့သောအရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသောအရိပ်သည် ဆယ်ချက်ပြန်လေ၏။
38:9 ယုဒမင်းကြီးဟေဇကိသည် အနာမှထမြောက်၍ ရေးထားသောစာဟူမူကား၊
38:10 ငါသည် ငြိမ်သက်စွာနေစဉ်အခါ၊ မရဏာနိုင်ငံတံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသောနှစ်များကို ငါရှုံးပြီဟု ငါဆိုသတည်း။
38:11 အသက်ရှင်သော သူတို့၏နေရာ၌၊ ထာဝရဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်းဖော်ရသဖြင့်၊ နောက်တစ်ဖန် လူတို့ကို မမြင်ရ။
38:12 သိုးထိန်းတဲကဲ့သို့ ငါနေသောအိမ်ကိုနုတ်ပယ်၍၊ အခြားတစ်ပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင်မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
38:13 ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည်ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ၏။ တစ်နေ့ချင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
38:14 ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလျော့ကြပြီ။ အို ဘုရားရှင်၊ ညှဉ်းဆဲခြင်းကိုခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
38:15 အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ကတိပေးတော်မူပြီ။ ကတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ်ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။
38:16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက်တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကိုရှင်စေတော်မူ၏။
38:17 အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာတွင်းထဲက နုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
38:18 အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသောသူသည် သစ္စာတော်ကို မမျှော်လင့်ရပါ။
38:19 အသက်ရှင်သောသူ၊ အသက်ရှင်သောသူသာလျှင်၊ ယနေ့အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်းရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဖော်ပြရပါလိမ့်မည်။
38:20 ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တစ်သက်လုံး ဗိမာန်တော်၌ စောင်းတီး၍ သီချင်းဆိုကြလိမ့်သတည်း။
38:21 ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကို ယူ၍နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
38:22 ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာသက်သေရှိသနည်းဟု မေး၏။