Isaiah 39
39:1 ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်းနာ၍၊ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။
39:2 ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဖိုးထိုက်သော နံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကိုပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစ်စုံတစ်ခုမျှမရှိ။
39:3 ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။
39:4 နန်းတော်၌ အဘယ်အရာကိုမြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။
39:5 ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။
39:6 နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလသည် ရောက်လိမ့်မည်။ တစ်စုံတစ်ခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။
39:7 သင်နှင့်နွယ်၍ရသော သင်၏သားမြေးတို့ကိုလည်းယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိမင်းအား ပြောဆိုလေ၏။
39:8 ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကောင်းပါ၏ ဟူ၍လည်းကောင်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိရလိမ့်မည်ဟူ၍လည်းကောင်း၊ ဟေရှာယအားဆိုလေ၏။