Isaiah 47
47:1 အို ဗာဗုလုန် သတို့သမီးကညာ၊ ဆင်း၍ မြေမှုန့်၌ထိုင်လော့။ အို ခါလဒဲသတို့သမီး၊ ရာဇပလ္လင်မရှိဘဲ မြေပေါ်မှာထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟူ၍ နောက်တစ်ဖန်မခေါ်ရ။
47:2 ကြိတ်ဆုံကိုယူ၍ စပါးကို ကြိတ်လော့။ မျက်နှာဖုံးကို ဖွင့်လော့။ ရှည်သောအင်္ကျီကို ချွတ်လော့။ ပေါင်အဝတ်ကိုပင့်၍ မြစ်ကိုကူးလော့။
47:3 သင်သည် အဝတ်အချည်းစည်းရှိ၍၊ အရှက်ကွဲခြင်းကို ခံရမည်။ ငါသည် အပြစ်ဒဏ်ကို ပေးမည်။ အဘယ်သူနှင့်မျှ မိတ်သဟာယမဖွဲ့။
47:4 ငါတို့ကို ရွေးနုတ်သောသူကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားတည်းဟူသော ဘွဲ့နာမရှိတော်မူ၏။
47:5 အို ခါလဒဲသတို့သမီး၊ တိတ်ဆိတ်စွာ ထိုင်လော့။ မိုက်ရာသို့ သွားလော့။ သင့်ကို နိုင်ငံတို့၏အရှင်မဟူ၍ နောက်တစ်ဖန် မခေါ်ရ။
47:6 ငါသည် ငါ၏လူတို့ကိုအမျက်ထွက်သောကြောင့်၊ ငါ၏အမွေကိုရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်၏။ သင်သည် သနားသောစိတ်မရှိ။ အသက်ကြီးသူတို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။
47:7 သင်ကလည်း၊ ငါသည် အရှင်မ၏အရာ၌ အစဉ်အမြဲနေမည်ဟု ထင်သောကြောင့်၊ ဤအမှုအရာတို့ကို မဆင်ခြင်။ သင်၌ နောက်ဆုံးဖြစ်လတ္တံ့သောအမှုကို မအောက်မေ့။
47:8 ထိုကြောင့်၊ ကာမဂုဏ်၌ပျော်မွေ့၍၊ သောကကင်းလွတ်လျက် နေသောသူ၊ ငါရှိ၏။ ငါမှတစ်ပါး အဘယ်သူမျှမရှိ။ ငါသည် မုဆိုးမကဲ့သို့ ထိုင်၍မနေရ။ သားဆုံးခြင်းကို ငါမခံရဟု အောက်မေ့သောသူ၊ နားထောင်လော့။
47:9 သင်သည် ပြုစားသောအတတ်နှင့် နတ်ဝိဇ္ဇာအတတ်များတို့ကို အလွန်ပြုစုသော်လည်း၊ တစ်နေ့တစ်ခဏခြင်းတွင် သားဆုံးခြင်းနှင့် လင်ဆုံးခြင်းတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၌ရောက်လိမ့်မည်။ သင်၏အပေါ်၌ အကုန်အစင် သင့်ရောက်လိမ့်မည်။
47:10 သင်သည် ကိုယ်ပြုသော အဓမ္မအမှုကို ကိုးစားပြီ။ ငါ့ကို အဘယ်သူမျှမမြင်ဟု ဆိုပြီ။ သင့်ဉာဏ်နှင့် သင့်ပညာအတတ်သည်၊ သင်၏စိတ်ကို မှောက်လှန်သည်ဖြစ်၍၊ သင်ကငါရှိ၏၊ ငါမှတစ်ပါး အဘယ်သူမျှမရှိဟု အောက်မေ့ပြီ။
47:11 ထိုကြောင့်၊ အဆုံးမထင်သော ဘေးဥပဒ်သည် သင်၏အပေါ်မှာ ရောက်လိမ့်မည်။ သင်သည် မဖြေနိုင်သော အပြစ်ဒဏ်နှင့်လည်းကောင်း၊ မမျှော်လင့်နိုင်အောင် ချက်ချင်း ဖျက်ဆီးခြင်းနှင့်လည်းကောင်း တွေ့ကြုံရလိမ့်မည်။
47:12 သင်သည် ငယ်သောအရွယ်မှစ၍၊ ကြိုးစားအားထုတ်သော နတ်ဝိဇ္ဇာအတတ်နှင့်၊ ပြုစားသောအတတ် အမျိုးမျိုးတို့ကို အမှီပြု၍ တည်နေလော့။ အကျိုးကို ရကောင်းလျှင် ရလိမ့်မည်။ နိုင်ကောင်းလျှင် နိုင်လိမ့်မည်။
47:13 သင်သည် များပြားသောတိုင်ပင်ခြင်းအားဖြင့် ပင်ပန်းလှပြီ။ မိုးကောင်းကင်ကို ကြည့်ရှုသောသူ၊ ကြယ်နက္ခတ်တို့ကို မှတ်သောသူ၊ သင်၌ဖြစ်လတ္တံ့သောအမှုကို၊ လ၏အခြင်းအရာအားဖြင့် ဟောတတ်သော သူတို့သည်ထ၍ သင့်ကိုယခု ကယ်တင်ကြစေ။
47:14 သူတို့သည် အမှိုက်ကဲ့သို့ဖြစ်၍ မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ မီးအရှိန်မှ မိမိတို့ကို မကယ်မနုတ်ရကြ။ နွေးစရာဖို့ မီးတစ်ခဲမျှ၊ လှုံစရာဖို့ မီးအလျှင်းမျှ မကျန်ရစ်ရ။
47:15 သင်နှင့် ဝိုင်းညီ၍ အမှုဆောင်ရွက်သောသူ၊ သင်ငယ်သော အရွယ်မှစ၍ သင်နှင့် ဖောက်ကားရောင်းဝယ်သောသူတို့သည် သင်၌ ထိုသို့ဖြစ်ကြ၍၊ ကိုယ်စီကိုယ်စီ မိမိနေရာအရပ်သို့လွှဲသွားသဖြင့်၊ သင့်ကို ကယ်တင်သောသူ တစ်စုံတစ်ယောက်မျှ မရှိရ။