Isaiah 48
48:1 အို ယာကုပ်အမျိုး၊ ဣသရေလဟူ၍ သမုတ်ခြင်းကိုခံသောသူ၊ ယုဒစမ်းရေတွင်းမှ ထွက်စီးသောသူ၊ ထာဝရဘုရား၏ နာမတော်အားဖြင့် ကျိန်ဆိုသောသူ၊ သစ္စာမရှိ၊ တရားနှင့်မညီဘဲ ဣသရေလအမျိုး၏ ဘုရားသခင်ကို ချီးမွမ်းသောသူ၊
48:2 သန့်ရှင်းသော မြို့တော်အလိုက်၊ ကိုယ်ကိုကိုယ် သမုတ်သောသူ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိသော ဣသရေလအမျိုး၏ ဘုရားသခင်ကို မှီခိုသောသူတို့၊ နားထောင်ကြလော့။
48:3 ဖြစ်ဖူးသောအရာတို့ကို အထက်က သင်တို့အား ငါဟောလေပြီ။ ထိုအရာတို့သည် ငါ့နှုတ်မှထွက်၍ ထင်ရှားကြပြီ။ ချက်ချင်း ငါပြုသောကြောင့် ဖြစ်ကြပြီ။
48:4 သင်သည် ခိုင်မာသောသဘော၊ သံချောင်းလည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသောကြောင့်၊
48:5 အထက်က သင့်အားငါဟောပြီ။ အမှုမဖြစ်မီ ငါဖော်ပြပြီ။ သို့ဖြစ်၍ သင်က၊ ငါ၏ရုပ်တုသည် ဤအမှုကိုပြုပြီ။ ငါထုသောရုပ်တု၊ ငါသွန်းသောရုပ်တုသည် ဤအမှုကို စီရင်ပြီဟု ပြောရသောအခွင့် မရှိ။
48:6 သင်သည် အရင်ကြားရပြီ။ ဤအမှုအလုံးစုံတို့ကို ကြည့်ရှုလော့။ သူတစ်ပါးတို့အား မကြားမပြောဘဲ နေမည်လော။ ယခုမှစ၍ အသစ်သောအရာ၊ ဝှက်ထားသောအရာ၊ သင်မသိသေးသောအရာတို့ကို ငါဖော်ပြ၏။
48:7 ထိုအရာတို့ကို ယခုပင် ဖန်ဆင်း၏။ အထက်ကဖန်ဆင်းသည်မဟုတ်။ ယနေ့တိုင်အောင် သင်သည်မကြားစဖူး။ သို့ဖြစ်၍ သင်က၊ ငါသိနှင့်ပြီဟု ပြောရသောအခွင့်မရှိ။
48:8 အကယ်စင်စစ် သင်သည် မကြားမသိစဖူး။ သင်၏နားသည် အထက်က မပွင့်။ အကြောင်းမူကား၊ သင်သည် သစ္စာပျက်လိမ့်မည်။ ဖွားစကပင် သင့်ကိုသူပုန်ဟူ၍ သမုတ်ရလိမ့်မည်ကို ငါသိ၏။
48:9 သို့သော်လည်း၊ သင့်ကို ရှင်းရှင်းမပယ်မဖြတ်ခြင်းငှာ၊ ငါသည် ကိုယ်နာမအတွက် ကိုယ်အမျက်ကို ချုပ်တည်းမည်။ ကိုယ်ဂုဏ်အသရေအတွက် သင်၏အမှု၌ငါသည်းခံမည်။
48:10 ငါသည် သင့်ကို စစ်ခဲ့ပြီ။ သို့သော်လည်း၊ ငွေကို စစ်သကဲ့သို့ မဟုတ်၊ ဒုက္ခမှိုက်၌ သင့်ကို စုံစမ်းခဲ့ပြီ။
48:11 ကိုယ်အတွက် ငါပြုဦးမည်။ ငါ့နာမသည် ရှုတ်ချခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ဂုဏ်အသရေကို သူတစ်ပါးအား ငါမပေး။
48:12 အို ယာကုပ်၊ ငါခေါ်သော ဣသရေလ၊ ငါ့စကားကို နားထောင်လော့။ ငါသည် ဘုရားဖြစ်၏။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။
48:13 အကယ်စင်စစ် ငါ့လက်သည် မြေကြီးကိုတည်လေပြီ။ ငါ့လက်ယာလက်သည် မိုးကောင်းကင်ကို ကြက်လေပြီ။ ငါခေါ်၍ သူတို့သည် ချက်ချင်းပေါ်လာကြ၏။
48:14 ရှိသမျှသောသင်တို့၊ စည်းဝေး၍ နားထောင်ကြလော့။ ဤအမှုအရာတို့ကို သင်တို့တွင် အဘယ်သူသည် ရှေးမဆွက ဟောနှင့်သနည်း။ ထာဝရဘုရားချစ်တော်မူသောသူသည် ဗာဗုလုန်မြို့၌ အလိုတော်ကို ပြည့်စုံစေမည်။ သူ၏လက်သည်လည်း၊ ခါလဒဲလူတို့အပေါ်သို့ ရောက်လိမ့်မည်။
48:15 ငါ့ကိုယ်တိုင်အမိန့်တော်ရှိပြီ။ အကယ်စင်စစ် သူ့ကိုငါခေါ်ပြီ။ ငါဆောင်ခဲ့ပြီ။ သူသွားသောလမ်း၌ မင်္ဂလာရှိရလိမ့်မည်။
48:16 ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏။
48:17 သင့်ကို ရွေးနုတ်သောသူ၊ ဣသရေလအမျိုး၏ သန့်ရှင်းသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်၏အကျိုးနှင့် ယှဉ်သောအရာကို သွန်သင်၍၊ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။
48:18 သင်သည် ငါ၏ပညတ်တို့ကို စောင့်ရှောက်ပါစေသော။ သို့ပြုလျှင်၊ သင်၏ချမ်းသာသည် မြစ်ကဲ့သို့လည်းကောင်း၊ သင်၏ဖြောင့်မတ်ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်း ဖြစ်ရလိမ့်မည်။
48:19 သင်၏အမျိုးအနွယ်သည် သဲလုံးကဲ့သို့လည်းကောင်း၊ သင်၏သားမြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ်ကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။ သင်၏နာမသည် ငါ့ရှေ့မှာမပြတ်၊ မပျက်မစီးရ။
48:20 ဗာဗုလုန်မြို့ထဲက ထွက်ကြလော့။ ရွှင်လန်းစွာသီချင်းသံနှင့် ခါလဒဲလူတို့နေရာမှ ပြေးကြလော့။ ဤသတင်းစကားကို မြေကြီးစွန်းတိုင်အောင် ပြန်ပြောမြွက်ဆို၍ အသံကိုလွှင့်ကြလော့။ ထာဝရဘုရားသည် မိမိကျွန်ယာကုပ်ကို ရွေးနုတ်တော်မူပြီဟု ပြောဆိုကြလော့။
48:21 သူတို့သည် တောလမ်းဖြင့်ဆောင်သွားတော်မူခြင်းကို ခံသောအခါ ရေမငတ်ကြ။ သူတို့အဖို့ ကျောက်ထဲကရေကို စီးစေတော်မူ၏။ ကျောက်ခဲကိုပင် ခွဲတော်မူသဖြင့်၊ ရေသည် စီးထွက်လေ၏။
48:22 မတရားသောသူတို့၌ ချမ်းသာမရှိဟု ထာဝရဘုရားမိန့်တော်မူ၏။