Isaiah 49
49:1 တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၊ ငါ့စကားကိုကြားကြလော့။ ဝေးစွာသောလူမျိုးတို့၊ စေ့စေ့နားထောင်ကြလော့။ ငါဖွားစကပင် ထာဝရဘုရားသည် ငါ့ကိုခေါ်တော်မူ၏။ အမိဝမ်းထဲမှစ၍ ငါ၏နာမကို မှတ်တော်မူ၏။
49:2 ငါ့နှုတ်ကို ထက်သောဓားကဲ့သို့ ဖြစ်စေ၍၊ လက်တော်အရိပ်၌ ဖုံးထားတော်မူ၏။ ငါ့ကိုလည်း ဦးသစ်သော စည်းသွားဖြစ်စေ၍၊ မိမိမြားထောင့်ထဲမှာ ဝှက်ထားတော်မူ၏။
49:3 အို ဣသရေလ၊ သင်သည် ငါ၏ကျွန်ဖြစ်၏။ သင့်အားဖြင့် ငါ့ဘုန်းသည် ထင်ရှားလိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
49:4 ငါကလည်း၊ အကျိုးမရှိဘဲ ငါလုပ်ဆောင်ရပြီ။ အချည်းနှီးသက်သက် ငါ့ခွန်အားကုန်ရပြီ။ သို့သော်လည်း၊ ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသောအခလည်း ငါ၏ဘုရားသခင်လက်တော်၌ ရှိသည်ဟုဆို၏။
49:5 ငါသည် ထာဝရဘုရားရှေ့တော်၌ အသရေထင်ရှား၍၊ ငါ၏ဘုရားသခင်သည် ငါ့ကို ခိုင်ခံ့စေတော်မူသည်အကြောင်းနှင့်တကွ၊ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို မခံသော်လည်း၊ ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တစ်ဖန်ဆောင်ခဲ့ရသောကျွန် ဖြစ်စေမည်အကြောင်း၊ ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
49:6 သင်သည် ယာကုပ်၏အမျိုးအနွယ်တို့ကို ချီးမြှောက်ခြင်း၊ ဘေးလွတ်သော ဣသရေလသားတို့ကို အရင်ကဲ့သို့ ဖြစ်စေခြင်းအလိုငှာသာ၊ ငါ့အမှုကိုဆောင်ရွက်သောအမှုသည် သာမညအမှု ဖြစ်၏။ ထိုအမှုမက၊ သင်သည် မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းကို ပြုစိမ့်သောငှာ၊ သင့်ကို တစ်ပါးအမျိုးသားတို့ လင်းစရာဖို့ ငါခန့်ထားသည်ဟု မိန့်တော်မူ၏။
49:7 ဣသရေလအမျိုးကို ရွေးနုတ်တော်မူ၍၊ ထိုအမျိုး၏ သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှ မနှစ်သက်၊ တစ်ပြည်လုံး ရွံရှာဖွယ်ဖြစ်၍၊ မင်းထံ၌ ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသော ထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်။
49:8 ထာဝရဘုရားမိန့်တော်မူသည်ကား၊ နှစ်သက်ဖွယ်သောအချိန်၌ သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာကာလ၌ သင့်ကိုမစပြီ။ သင့်ကိုလည်း ငါစောင့်ရှောက်၍၊ သင်သည် ပြည်တော်ကို ပြုပြင်လျက်၊ ဆိတ်ညံသော အမွေခံရာအရပ်တို့ကို အမွေပေးစေမည်အကြောင်း၊
49:9 ထွက်ကြလော့ဟု ချုပ်ထားသောသူတို့အားလည်းကောင်း၊ ပေါ်လာကြလော့ဟု မှောင်မိုက်ထဲမှာနေသော သူတို့အားလည်းကောင်း ပြောစေမည်အကြောင်း၊ လူမျိုးအား ပဋိညာဉ်တရားကို ပြုစရာဖို့ သင့်ကိုခန့်ထားမည်။ သို့ဖြစ်၍၊ ထိုသူတို့သည် လမ်းခရီးတို့အနားမှာ စားရ၍၊ မြင့်သောအရပ်ရပ်တို့၌ ကျက်စားရာကို တွေ့ရကြလိမ့်မည်။
49:10 သူတို့သည် ရေစာကို မငတ်မမွတ်ရ။ အပူကိုလည်း မခံရကြ။ နေရောင်ခြည် မထိရ။ အကြောင်းမူကား၊ သူတို့ကို သနားသောသူသည် သူတို့ကို ပို့ဆောင်၍၊ စမ်းရေတွင်းအနားသို့လမ်းပြလိမ့်မည်။
49:11 ငါ၏တောင်ရှိသမျှတို့ကို သွားရာလမ်းဖြစ်စေမည်။ ငါ၏မြေတန်တားများကိုလည်း ငါဖို့မည်။
49:12 ကြည့်ရှုလော့။ ဤသူတို့သည် ဝေးသောအရပ်မှ လာကြလိမ့်မည်။ ကြည့်ရှုလော့။ ထိုသူတို့သည် မြောက်မျက်နှာနှင့် အနောက်မျက်နှာမှလည်းကောင်း၊ ထိုသူတို့သည်လည်း၊ သိနိမ်ပြည်မှလည်းကောင်း လာကြလိမ့်မည်ဟု မိန့်တော်မူ၏။
49:13 အို မိုးကောင်းကင်တို့၊ သီချင်းဆိုကြလော့။ အို မြေကြီး၊ ဝမ်းမြောက်ခြင်းရှိလော့။ အို တောင်များတို့၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူတို့ကို နှစ်သိမ့်စေတော်မူ၏။ ဆင်းရဲခံရသော မိမိလူတို့ကို ကယ်မသနားတော်မူ၏။
49:14 ဇိအုန်ကလည်း၊ ထာဝရဘုရားသည် ငါ့ကိုစွန့်ပစ်တော်မူပြီ။ ဘုရားရှင်သည် ငါ့ကိုမေ့လျော့တော်မူပြီဟု ဆိုလေသော်၊
49:15 မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
49:16 ငါသည် ကိုယ်လက်ဝါး၌ သင့်ကိုစာထိုးပြီ။ သင်၏မြို့ရိုးသည် ငါ့ရှေ့မှာအစဉ်ရှိ၏။
49:17 သင်၏သားသမီးတို့သည် အလျင်အမြန် ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။
49:18 အရပ်ရပ်သို့ မျှော်ကြည့်လော့။ ဤသူအပေါင်းတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်ဖြစ်၍၊ သင်သည် တင့်တယ်သောအဝတ်ကို ဝတ်သကဲ့သို့၊ ဤသူအပေါင်းတို့ကို ဝတ်လိမ့်မည်။ မင်္ဂလာဆောင် သတို့သမီး ပြုသည်နည်းတူ တန်ဆာဆင်လိမ့်မည်။
49:19 သင်၌ သုတ်သင်ပယ်ရှင်းသော အရပ်၊ ပျက်စီးသောပြည်သည် နေသူများသောကြောင့် ကျဉ်းကြလိမ့်မည်။ သင့်ကို ကိုက်စားသော သူတို့သည်လည်း ဝေးကြလိမ့်မည်။
49:20 သင်၏သားများဆုံးပြီးမှ၊ တစ်ဖန်ရပြန်သောသားတို့က၊ နေရာမလောက်ပါ။ နေစရာအရပ်ကိုပေးပါဟု သင့်အား တောင်းကြလေဦးမည်။
49:21 သင်ကလည်း၊ ဤသူတို့ကို ငါ့အား အဘယ်သူ ဖြစ်ဖွားစေသနည်း။ ငါသည် သားဆုံးသောသူ၊ ဆိတ်ညံလျက် နေရသောသူ၊ နှင်ထုတ်ခြင်းကို ခံရသဖြင့်၊ အဝေးသို့ လည်ရသောသူဖြစ်၍၊ ဤသူတို့ကို အဘယ်သူ မွေးစားသနည်း။ ငါသည် တစ်ယောက်တည်း နေရသည်ဖြစ်၍၊ ဤသူတို့သည် အဘယ်မှာရှိကြသနည်းဟု အောက်မေ့လိမ့်မည်။
49:22 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့။ ငါသည် အတိုင်းတိုင်းအပြည်ပြည်၌ နေသော လူမျိုးတို့အား လက်ကိုချီ၍ အလံကိုထူသဖြင့်၊ သူတို့သည် သင်၏သားသမီးတို့ကို လက်နှင့်ပွေ့လျက်၊ ပခုံးပေါ်မှာထမ်းလျက် ဆောင်ခဲ့ကြလိမ့်မည်။
49:23 ရှင်ဘုရင်တို့သည် သင်၏ဘထွေး၊ မိဖုရားတို့သည် သင့်ကို မွေးစားသောအမိ ဖြစ်ကြလိမ့်မည်။ သင့်ရှေ့မှာ ဦးညွှတ်ပျပ်ဝပ်၍၊ သင်၏ခြေ၌ မြေမှုန့်ကို လျက်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလည်းကောင်း၊ ငါ့ကို မျှော်လင့်သောသူတို့သည် ရှက်ကြောက်ခြင်း မရှိကြောင်းကိုလည်းကောင်း သင်သိလိမ့်မည်။
49:24 လုယူရာဥစ္စာကို အားကြီးသောသူ၏လက်မှ ယူရမည်လော။ တရားသောသူ သိမ်းသွားသော လူတို့ကို နုတ်ရမည်လော။
49:25 ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် အားကြီးသောသူ သိမ်းသွားသော လူတို့ကို ယူရမည်။ ကြောက်မက်ဖွယ်သောသူ လုယူရာဥစ္စာကို နုတ်ရလိမ့်မည်။ အကြောင်းမူကား၊ သင်နှင့် ရန်တွေ့သောသူကို ငါသည် ရန်တွေ့၍၊ သင်၏သားတို့ကို ကယ်တင်မည်။
49:26 သင့်ကို ညှဉ်းဆဲသောသူတို့ကို သူတို့၏အသားနှင့် ငါကျွေးမည်။ ချိုသောစပျစ်ရည်ကို သောက်သကဲ့သို့၊ သူတို့သည် မိမိအသွေးကိုဝစွာ သောက်ရကြမည်။ သို့ဖြစ်၍၊ ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊ သင့်ကို ရွေးနုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားဖြစ်ကြောင်းကို လူအပေါင်းတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။