Isaiah 50
50:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါလွှတ်လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြုသော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ်ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
50:2 ငါလာသောအခါ အဘယ်ကြောင့် လူမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနုတ်နိုင်အောင် လက်တိုသလော။ ကယ်ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမသဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည်နံကြ၏။ ရေငတ်၍ သေကြ၏။
50:3 ငါသည် မိုးကောင်းကင်ကို နက်သောအဝတ်ဝတ်စေ၍၊ လျှော်တေအဝတ်နှင့် ခြုံ၏။
50:4 ငါသည် ပင်ပန်းသောသူအား မစခြင်းငှာ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရားသည် လူတတ်၏နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးတော်မူ၏။ စာသင်သောသူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော်တော်မူ၏။
50:5 အရှင်ထာဝရဘုရားသည် ငါ့နားကိုဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
50:6 ရိုက်သောသူတို့အား ငါ့ကျောကိုလည်းကောင်း၊ နားပန်းဆံကို နုတ်သောသူတို့အား၊ ငါ့ပါးကိုလည်းကောင်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကိုမလွှဲ။
50:7 အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူလိမ့်မည်။ ထိုကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို မီးကျောက်ကဲ့သို့ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။
50:8 ငါ့ကို အပြစ်လွှတ်သောသူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့် တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့် ရန်ဘက်ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ်စေ။
50:9 ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေမည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်းကိုလည်း ခံရကြလိမ့်မည်။
50:10 သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်းမရှိဘဲ မှောင်မိုက်၌ သွားလာသနည်း။ ထိုသူသည် ထာဝရဘုရား၏နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီပြုပါစေ။
50:11 မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌လည်းကောင်း၊ သင်တို့ပြုစုသော မီးစများ၌လည်းကောင်း သွားလာကြလော့။ ငါ့လက်၌ခံရသော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။