Isaiah 56
56:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တရားကိုစောင့်၍ ဖြောင့်မတ်စွာ ကျင့်ကြလော့။ ငါ၏ကယ်တင်ခြင်းကျေးဇူး ရောက်ချိန်နှင့်၊ ငါ၏ ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန်ရောက်လုနီးပြီ။
56:2 ထိုသို့ပြုသောသူ၊ အမြဲစွဲလမ်းသော လူသားသည်၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍ ဒုစရိုက်ကိုမပြုမည်အကြောင်း၊ မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏။
56:3 ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသားက၊ ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးနှင့် ရှင်းရှင်းခွဲထားတော်မူပြီဟု မဆိုစေနှင့်။ မိန်းမလျှာကလည်း၊ ငါသည် သွေ့ခြောက်သောအပင်ဖြစ်သည်ဟု မဆိုစေနှင့်။
56:4 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏ဥပုသ်နေ့ကိုစောင့်လျက်၊ ငါနှစ်သက်သောအရာကို ရွေးယူ၍၊ ငါ၏ပဋိညာဉ်ကို မှီဝဲသော မိန်းမလျှာတို့အား၊
56:5 သားသမီးတို့ ထက်မြတ်သောအရာ၊ မြတ်သောနာမကို ငါ့အိမ်၊ ငါ့တံတိုင်းအတွင်း၌ ငါပေးမည်။ မပျောက်နိုင်သော ထာဝရနာမကို သူတို့အား ငါပေးမည်။
56:6 ထာဝရဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကိုချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ်ခြင်းအလိုငှာ၊ ထာဝရဘုရား၌ မှီဝဲသော တစ်ပါးအမျိုးသား တို့ကိုလည်းကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ၊ စောင့်ရှောက်၍၊ ငါ၏ပဋိညာဉ်ကို စွဲလမ်းသောသူ အပေါင်းတို့ကိုလည်းကောင်း၊
56:7 ငါ၏သန့်ရှင်းသောတောင်သို့ ငါဆောင်ခဲ့၍၊ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။ သူတို့မီးရှို့ရာယဇ်နှင့် ယဇ်အမျိုးမျိုးတို့ကို ငါ့ယဇ်ပလ္လင်ပေါ်မှာ လက်ခံမည်။ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလတ္တံ့။
56:8 အရပ်ရပ်၌ ကွဲပြားသော ဣသရေလအမျိုးသားတို့ကို စုဝေးစေသော အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စုဝေးပြီးသော သူများမှတစ်ပါး အခြားသောသူတို့ကို ထိုအစုအဝေး၌ ငါစုဝေးစေဦးမည်ဟု မိန့်တော်မူ၏။
56:9 အို လယ်ပြင်သားအပေါင်းနှင့် တော၌လည်သော သားရဲအပေါင်းတို့၊ ကိုက်စားခြင်းငှာ လာကြလော့။
56:10 သူ၏ကင်းစောင့်တို့သည် မျက်စိကန်းကြ၏။ ရှိသမျှတို့သည် မိုက်ကြ၏။ အ၍ မဟောင်နိုင်သောခွေး၊ ယောင်ယမ်းသောခွေး၊ အိပ်လျက် အိပ်ချင်အားကြီးသောခွေး ဖြစ်ကြ၏။
56:11 စားချင်အားကြီး၍ ဝမ်းမပြည့်နိုင်သော ခွေးလည်း ဖြစ်ကြ၏။ သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ ထိုသိုးထိန်းရှိသမျှတို့သည် လမ်းလွှဲ၍ မိမိတို့လမ်းသို့ လိုက်ကြပြီ။ တစ်ယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ်အကျိုးစီးပွားကိုသာ ရှာကြ၏။
56:12 လာကြ။ စပျစ်ရည်ကိုယူခဲ့မည်။ သေရည်သေရက်ကို ဝစွာသောက်ကြစို့။ ယနေ့ဖြစ်သကဲ့သို့ နက်ဖြန်နေ့ဖြစ်လိမ့်မည်။ ထိုမျှမက၊ သာ၍ ကြွယ်ဝလိမ့်မည်ဟု ဆိုတတ်ကြ၏။