Isaiah 7
7:1 ယုဒရှင်ဘုရင် ဩဇိသားဖြစ်သော၊ ယောသံ၏သားအာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်းနှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်းတို့သည်၊ ယေရုရှလင်မြို့ကို တိုက်ခြင်းငှာ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
7:2 ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော၌သစ်ပင်တို့သည် လေကြောင့်လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည်သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
7:3 ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့်တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာလျှောက်သောလမ်း၊ အထက်ရေကန်ပြွန်ဝ၌ အာခတ်မင်းကို ကြိုဆို၍တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
7:4 သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက်သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာ အမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
7:5 ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊
7:7 ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။
7:8 ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
7:9 ဒမာသက်မြို့၏ ခေါင်းကား၊ ရေဇိန်မင်းဖြစ်ရမည်။ ဧဖရိမ်ပြည်၏ခေါင်းကား၊ ရှမာရိမြို့။ ရှမာရိမြို့၏ခေါင်းကား၊ ရေမလိသားဖြစ်ရ၏။ သို့သော်လည်း၊ ခြောက်ဆယ်ငါးနှစ်အတွင်းတွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှာ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
7:10 တစ်ဖန် ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာ နိမိတ်လက္ခဏာကို တောင်းပန်လော့။
7:11 နက်သောအရပ်၌ ဖြစ်စေ၊ မြင့်သောအထက်အရပ်၌ ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊
7:12 အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်ပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
7:13 ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကို ငြီးငွေ့စေသည်သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကိုငြီးငွေ့စေကြမည်လော။
7:14 ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။
7:15 ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။
7:16 ထိုသူငယ်သည် မကောင်းသောအရာကို မပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မီ၊ သင်ကြောက်သော ရှင်ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ်သောအရပ် ဖြစ်လိမ့်မည်။
7:17 ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသော နေ့မှစ၍၊ မဖြစ်ဖူးသော နေ့ရက်ကာလကို ထာဝရဘုရားသည် သင်၏အပေါ်၌လည်းကောင်း၊ သင်၏လူများအပေါ်၌လည်းကောင်း၊ သင်၏အမျိုးရင်းအပေါ်၌လည်းကောင်း၊ ရောက်စေတော်မူမည်။
7:18 ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာရှိသော ယင်ကောင်ကိုလည်းကောင်း၊ အာရှုရိပြည်၌ရှိသော ပျားကောင်ကိုလည်းကောင်း၊ နှိုးဆော်တော်မူသဖြင့်၊
7:19 သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင် နားကြလိမ့်မည်။
7:20 ထိုကာလတွင် မြစ်ကြီးတစ်ဖက်၌ နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှားသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော်မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
7:21 ထိုကာလ၌ လူသည် နွားမကလေးတစ်ကောင်၊ သိုးဆိတ်နှစ်ကောင်ကို မွေးစားလျှင်၊
7:22 သူတို့၌ များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကိုစားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသော သူတို့သည် ထောပတ်နှင့်ပျားရည်ကိုသာ စားရကြလိမ့်မည်။
7:23 ထိုအခါ စပျစ်နွယ်ပင်တစ်ထောင်ရှိ၍၊ ငွေတစ်ထောင် အဖိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
7:24 လေးနှင့် မြားကို ဆောင်လျက် ထိုအရပ်သို့သွားကြလိမ့်မည်။ မြေတစ်ပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
7:25 ပေါက်တူးနှင့် တူးဆွရာ တောင်ယာရှိသမျှတို့သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှ မချဉ်းဝံ့သဖြင့်၊ နွားလွတ်၍ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရကြလိမ့်မည်ဟု ဟောလေ၏။