Isaiah 64
64:1 ကိုယ်တော်သည် မိုးကောင်းကင်ကို ဖွင့်လှစ်၍၊ ဆင်းသက်တော်မူပါစေသော။ ရှေ့တော်၌ တောင်တို့သည် လှုပ်ကြပါစေသော။
64:2 မီးသည် အမှိုက်ကိုလောင်သကဲ့သို့လည်းကောင်း၊ ရေကို ဆူစေသကဲ့သို့လည်းကောင်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော်၏ ရန်သူတို့သည် နာမတော်ကိုသိ၍၊ ရှေ့တော်၌ လူအမျိုးမျိုးတို့သည် တုန်လှုပ်ကြပါလိမ့်မည်။
64:3 အကျွန်ုပ်တို့ မျှော်လင့်သည်ထက်၊ အံ့ဖွယ်သော အမှုတို့ကို ပြုတော်မူသောအခါ၊ ဆင်းသက်တော်မူ၍ တောင်တို့သည် ရှေ့တော်၌ လှုပ်ကြပါ၏။
64:4 ကိုယ်တော်ကို မျှော်လင့်သော သူတို့အဖို့အလိုငှာ ကျေးဇူးပြုတော်မူသောဘုရား၊ ကိုယ်တော်မှတစ်ပါး အခြားသောဘုရားသခင်ကို ကမ္ဘာဦးမှစ၍ အဘယ်သူမျှ မကြားမသိပါ။ နားဖြင့်မကြား၊ မျက်စိဖြင့် မမြင်စဖူးပါ။
64:5 ဝမ်းမြောက်သောစိတ်နှင့် ဖြောင့်မတ်စွာ ကျင့်သောသူ၊ တရားတော်လမ်းတို့၌ ကိုယ်တော်ကို အောက်မေ့သောသူတို့နှင့် ကိုယ်တော်သည် မိတ်သဟာယဖွဲ့တော်မူ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ်လွှဲတတ်သောကြောင့် အမျက်ထွက်တော်မူ၏။ ကယ်တင်ခြင်းသို့ ရောက်ရကြပါမည်လော။
64:6 အကျွန်ုပ်တို့ရှိသမျှသည် စင်ကြယ်ခြင်းမရှိပါ။ ပြုဖူးသမျှသော ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့် တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညှိုးနွမ်းလျက်ရှိ၍၊ ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
64:7 နာမတော်ကို ပတ္ထနာပြုသောသူ၊ ကိုယ်တော်ကိုမှီဝဲခြင်းငှာ ကိုယ်ကိုကိုယ် နှိုးဆော်သောသူ တစ်ယောက်မျှမရှိပါ။ အကြောင်းမူကား၊ မျက်နှာတော်ကိုလွှဲ၍ အကျွန်ုပ်တို့ကို ဒုစရိုက်အပြစ်အားဖြင့် ဆုံးရှုံးစေတော်မူပြီ။
64:8 သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့အဘ ဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်တို့ရှိသမျှသည် လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
64:9 အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ ပြစ်မှားမိသောအပြစ်တို့ကို အစဉ်မပြတ် အောက်မေ့တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့ရှိသမျှသည် ကိုယ်တော်၏လူဖြစ်ကြပါ၏။
64:10 သန့်ရှင်းသောမြို့တော်တို့သည် တောဖြစ်ကြပါပြီ။ ဇိအုန်တောင်လည်း တောဖြစ်ပါပြီ။ ယေရုရှလင်မြို့လည်း ပျက်စီးပါပြီ။
64:11 ကိုယ်တော်ကို ဘိုးဘေးတို့ချီးမွမ်းရာအရပ်၊ အကျွန်ုပ်တို့၏ သန့်ရှင်းတင့်တယ်သော ဗိမာန်တော်ကို မီးလောင်ပါပြီ။ အကျွန်ုပ်တို့ နှစ်သက်ဖွယ်သော အရာရှိသမျှတို့သည် သုတ်သင်ပယ်ရှားလျက် ရှိကြပါ၏။
64:12 အို ထာဝရဘုရား၊ ဤအမှုတို့ကို သည်းခံတော်မူမည်လော၊ အောင့်လျက်နေ၍ အကျွန်ုပ်တို့ကို အလွန်ဆင်းရဲစေတော်မူမည်လော။