Isaiah 8
8:1 တစ်ဖန် ထာဝရဘုရားက၊ သင်သည် ကြီးသော ကျောက်သင်ပုန်းကိုယူပြီးလျှင်၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ်ဟူသော အက္ခရာစာလုံးကို လူဘာသာအားဖြင့် ရေးထားလော့ဟု ငါ့အား မိန့်တော်မူ၏။
8:2 ထိုအခါ သက်သေခံစေခြင်းအလိုငှာ၊ ယုံလောက်သောသက်သေ၊ ယဇ်ပုရောဟိတ်ဥရိယနှင့် ယေဗရခိ၏သား ဇာခိရိတို့ကို ငါခေါ်ထား၏။
8:3 ထိုနောက်မှ ငါသည် ပရောဖက်ကတော်ကို ချဉ်းသဖြင့်၊ သူသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ ထာဝရဘုရားကလည်း၊ ထိုသားကို မဟေရရှာလလဟာရှဗတ်ဟူသော အမည်ဖြင့် မှည့်လော့။
8:4 အကြောင်းမူကား၊ ထိုသူငယ်သည် အမိအဘဟု မခေါ်တတ်မီ၊ ဒမာသက်မြို့၏စည်းစိမ်၊ ရှမာရိမြို့၌ လုယက်သောဥစ္စာကို အာရှုရိရှင်ဘုရင်သည် သိမ်းသွားလိမ့်မည်ဟု မိန့်တော်မူ၏။
8:5 တစ်ဖန် ထာဝရဘုရားက၊ ဤလူမျိုးသည် ဖြည်းညင်းစွာစီးသော ရှိလောင်ချောင်းကို ငြင်းပယ်၍၊
8:6 ရေဇိန်နှင့် ရေမလိသားတို့၌ ဝမ်းမြောက်ကြသောကြောင့်၊
8:7 ထာဝရဘုရားသည် အလုံးအရင်းပါသော အာရှုရိရှင်ဘုရင်တည်းဟူသော၊ ခွန်အားဗလကြီး၍ များသောမြစ်ရေနှင့် သူတို့ကို လွှမ်းမိုးစေတော်မူသဖြင့်၊ ထိုမြစ်သည် မိမိချောင်းများကို လွှမ်း၍၊ မိမိကမ်းများကိုလျှံလျက်၊
8:8 ယုဒပြည်ကို ချင်းနင်းလွှမ်းမိုးဖြန့်သွား၍၊ လည်ပင်းတိုင်အောင်မီလိမ့်မည်။ သူ၏အတောင်တို့ကိုလည်း ဖြန့်သဖြင့်၊ ကိုယ်တော်၏မြေတစ်ပြင်လုံးကို အုပ်မိုးလိမ့်မည်၊ အို ဧမာနွေလဟု မိန့်တော်မူ၏။
8:9 အချင်းလူများတို့၊ သင်းဖွဲ့၍ မှိုင်တွေကြလော့။ ဝေးသောပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။ ခါးစည်း၍ မှိုင်တွေကြလော့။
8:10 တိုင်ပင်ကြလော့။ သင်တို့အကြံသည် ပျက်လိမ့်မည်။ စီရင်ကြလော့။ စီရင်သည်အတိုင်း မတည်ရ။ အကြောင်းမူကား၊ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။
8:11 ဤလူမျိုး၏ဘာသာဓလေ့အတိုင်း၊ ငါမကျင့်ရမည်အကြောင်း၊ ထာဝရဘုရားသည် တန်ခိုးပြလျက်၊ ငါ့ကို သွန်သင်၍ မိန့်တော်မူသည်ကား၊
8:12 သင်းဖွဲ့ခြင်းဟု၊ ဤလူမျိုးဆိုသမျှအတိုင်း၊ သင်တို့သည် သင်းဖွဲ့ခြင်းဟု မဆိုကြနှင့်။ သူတို့ကြောက်တတ်သောအရာကို မကြောက်ကြနှင့်။ မထိတ်လန့်ကြနှင့်။
8:13 ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားကို ရိုသေခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ခြင်း၊ ထိတ်လန့်ခြင်း ရှိကြလော့။
8:14 ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရုရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
8:15 ထိုသူအများတို့သည် ထိမိ၍ တိမ်းလဲကျိုးပဲ့ခြင်း၊ ကျော့မိဖမ်းဆီးခြင်းသို့ ရောက်ကြလိမ့်မည်။
8:16 ဤသက်သေခံချက်ကို ငါ့တပည့်တို့တွင် ထုပ်ထား၍၊ ပညတ်တရားကို တံဆိပ်ခတ်လော့ဟု မိန့်တော်မူ၏။
8:17 ယာကုပ်အမျိုးသားတို့တွင် မျက်နှာတော်ကို ကွယ်ထားတော်မူသော ထာဝရဘုရားကို ငါသည် ဆိုင်းငံ့လျက် မျှော်လင့်မည်။
8:18 ငါမှစ၍ ငါ့အား ထာဝရဘုရားပေးတော်မူသော သူငယ်တို့သည် ရှိကြ၏။ ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားထံတော်က၊ ဣသရေလအမျိုး၌ ပုပ္ပနိမိတ်နှင့် အံ့ဖွယ်သောအရာ ဖြစ်စေခြင်းငှာ ပေးတော်မူသတည်း။
8:19 တိုးတိုးပြော၍ မန္တန်သရဇ္ဈာယ်တတ်သော နတ်ဝင်နှင့် စုန်းတို့၌ ဆည်းကပ်ကြလော့ဟု သင်တို့အား ဆိုလျှင်မူကား၊ လူတို့သည် မိမိတို့ဘုရားသခင်၌ မဆည်းကပ်အပ်သလော။ အသက်ရှင်သောသူ၏အမှုမှာ အသက်သေသောသူ၌ ဆည်းကပ်အပ်သလော။
8:20 တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး။
8:21 ပင်ပန်းခြင်းနှင့် မွတ်သိပ်ခြင်းကိုခံလျက် လွန်သွားရကြလိမ့်မည်။ မွတ်သိပ်သောအခါလည်း ကိုယ်ကိုကိုယ်နှောင့်ယှက်၍၊ မိမိတို့ ရှင်ဘုရင်နှင့် မိမိတို့ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်။
8:22 အထက်သို့ မျှော်သည်ဖြစ်စေ၊ မြေကြီးကို ကြည့်သည်ဖြစ်စေ၊ ဒုက္ခဆင်းရဲနှင့် မှောင်မိုက်အတိရှိပါ၏။ ထူထပ်သောမှောင်မိုက်နှင့် တွေ့၍၊ အလင်းကွယ်ပျောက်ရာသို့ နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။