Jeremiah 14
14:1 မိုးပြတ်သောအမှုကိုရည်မှတ်၍၊ ယေရမိသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
14:2 ယုဒပြည်သည်ညည်းတွား၏။ မြို့တံခါးတို့၌ မြည်တမ်းသော အသံရှိ၏။ နက်သောအဝတ်ကို မြေတိုင်အောင်ဝတ်၍၊ ယေရုရှလင်မြို့သားတို့၏ငိုကြွေးခြင်းအသံသည် တက်လေ၏။
14:3 မှူးမတ်တို့သည် မိမိသူငယ်တို့ကို ရေခပ်စေလွှတ်၍၊ သူငယ်တို့သည် ရေကျင်းသို့ရောက်သောအခါ၊ ရေကိုမတွေ့။ အိုးသက်သက်ကိုသာဆောင်ခဲ့လျက် ပြန်လာကြ၏။ ဦးခေါင်းကို ခြုံလျက် ရှက်ကြောက်မှိုင်တွေကြ၏။
14:4 မိုးပြတ်၍မြေအက်ကွဲသောကြောင့်၊ လယ်လုပ်သော သူတို့သည် ဦးခေါင်းကိုခြုံလျက် ရှက်ကြောက်ကြ၏။
14:5 သမင်မသည် လယ်ပြင်၌မွေးသောအခါ မြက်မရှိသောကြောင့်၊ သားငယ်ကို စွန့်ပစ်၏။
14:6 မြည်းရိုင်းတို့သည် မြင့်သောအရပ်ပေါ်မှာ ရပ်လျက် မြေခွေးကဲ့သို့ လေကိုရှူကြ၏။ မြက်မရှိသောကြောင့်၊ သူတို့မျက်စိပျက်လေ၏။
14:7 အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏အပြစ်သည် အကျွန်ုပ်တို့တစ်ဖက်၌ သက်သေခံသော်လည်း၊ နာမတော်ကို ထောက်၍ စီရင်တော်မူပါ။ အကျွန်ုပ်တို့သည် ကြိမ်ဖန်များစွာ ဖောက်ပြန်ပါပြီ။ ကိုယ်တော်ကို ပြစ်မှားပါပြီ။
14:8 အို ဣသရေလအမျိုး၏မျှော်လင့်စရာအကြောင်း၊ အမှုရောက်သောကာလ ကယ်တင်တော်မူသောသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ပြည်၌ ဧည့်သည်ကဲ့သို့လည်းကောင်း၊ တစ်ညသာ အိပ်ခြင်းငှာဝင်သော ခရီးသွားကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။
14:9 မိန်းမောတွေဝေသော သူကဲ့သို့လည်းကောင်း၊ ကယ်တင်ခြင်းငှာမတတ်နိုင်သော သူရဲကဲ့သို့လည်းကောင်း၊ အဘယ်ကြောင့် ဖြစ်တော်မူသနည်း။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်တို့တွင်ရှိတော်မူ၏။ အကျွန်ုပ်တို့သည်နာမတော်ဖြင့် သမုတ်သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
14:10 ဤလူမျိုးကိုရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူတို့သည် လှည့်လည်ခြင်းငှာ အလွန်အလိုရှိကြ၏။ မိမိတို့ခြေကို မချုပ်တည်းကြ။ ထိုကြောင့်၊ ထာဝရဘုရားနှစ်သက်တော်မမူ။ သူတို့ပြုသော ဒုစရိုက်ကိုအောက်မေ့၍၊ သူတို့အပြစ်များကြောင့် စစ်ကြောတော်မူမည်။
14:11 ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဤလူမျိုးအဖို့ မေတ္တာပို့၍ ဆုမတောင်းနှင့်။
14:12 သူတို့သည် အစာရှောင်ခြင်းအကျင့်ကိုကျင့်သောအခါ၊ သူတို့အော်ဟစ်သံကို ငါနားမထောင်။ မီးရှို့ရာယဇ်ကို သော်လည်းကောင်း၊ ပူဇော်သကာကိုသော်လည်းကောင်း၊ ဆက်ကပ်သောအခါ ငါလက်မခံ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့်၊ သူတို့ကို ငါဆုံးစေမည်ဟုမိန့်တော်မူလျှင်၊
14:13 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓားဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊
14:14 ထာဝရဘုရားက၊ ထိုပရောဖက်တို့သည် ငါ၏နာမကိုအမှီပြု၍ မုသားကို ဟောတတ်ကြ၏။ သူတို့ကို ငါမစေလွှတ်၊ မမှာထား၊ ဗျာဒိတ်မပေး။ သူတို့ဟောပြောချက်တို့သည် မျက်စိကိုလှည့်ခြင်း၊ နတ်ပူးခြင်း၊ အချည်းနှီးကြံစည်ခြင်း၊ မိမိဉာဏ်အတိုင်း လှည့်စားခြင်း သက်သက်ဖြစ်ကြ၏။
14:15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးမရှိရဟု၊ ငါမစေလွှတ်ဘဲ၊ ငါ့နာမကို အမှီပြု၍၊ ကိုယ်အလိုအလျောက် ဟောပြောသော ပရောဖက်တို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရကြလိမ့်မည်။
14:16 သူတို့၏ တရားနာပရိသတ်တို့သည် ကိုယ်တိုင်မှစ၍၊ မယား သားသမီးတို့နှင့်တကွ မွတ်သိပ်ခြင်းဘေး၊ ဓားဘေးကြောင့်၊ ယေရုရှလင်မြို့လမ်းထဲသို့ ပစ်ချခြင်းကိုခံရ၍၊ အဘယ်သူမျှ မသင်္ဂြိုဟ်ရ။ သူတို့၏အပြစ်ကို သူတို့အပေါ်သို့ ငါညွှန်းလောင်းမည်။
14:17 သင်သည်လည်း သူတို့အား ပြောရမည့်စကားဟူမူကား၊ ငါသည် နေ့ညမပြတ် မျက်ရည်ကျရမည်။ ငါ၏လူမျိုးသတို့သမီးသည် အလွန်ပြင်းစွာသော ဒဏ်ချက်ကိုခံရ၍ အရိုးများကျိုးလေပြီ။
14:18 ငါသည် မြို့ပြင်သို့သွားသောအခါ၊ သတ်သောအသေကောင်များကို တွေ့ရ၏။ မြို့ထဲသို့ဝင်သောအခါ၊ ငတ်မွတ်၍ နာကျင်စွာခံရသောသူများကိုလည်း တွေ့ရ၏။ ပရောဖက်နှင့် ယဇ်ပုရောဟိတ်တို့သည် အဘယ်အမှုကိုမျှ မသိဘဲ အရပ်ရပ်လှည့်လည်ကြ၏။
14:19 ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။
14:20 အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်ဒုစရိုက်များနှင့် ဘိုးဘေးတို့၏အပြစ်များကို ဝန်ချပါ၏။ ကိုယ်တော်ကို ပြစ်မှားပါပြီ။
14:21 ကိုယ်တော်၏နာမကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ်ရွံရှာတော်မမူပါနှင့်။ ဘုန်းတော်ပလ္လင်၏ အသရေကို ရှုတ်ချတော်မမူပါနှင့်။ အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့နှင့်ဖွဲ့သောပဋိညာဉ်တော်ကို ဖျက်တော်မမူပါနှင့်။
14:22 သာသနာပလူတို့ ကိုးကွယ်သော ရုပ်တုဆင်းတုတို့တွင်၊ မိုးရွာစေနိုင်သောသူရှိပါသလော။ မိုးသည် အလိုလို ရွာနိုင်ပါသလော။ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သာလျှင်တတ်နိုင်တော်မူသည် မဟုတ်လော။ သို့ဖြစ်၍၊ ကိုယ်တော်ကို မျှော်လင့်လျက်နေပါမည်။ ကိုယ်တော်သည် အလုံးစုံတို့ကို ဖန်ဆင်းသောဘုရား ဖြစ်တော်မူ၏။