Jeremiah 15
15:1 တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ မောရှေနှင့် ရှမွေလသည် ငါ့ရှေ့မှာဆုတောင်းသော်လည်း၊ ဤလူမျိုးကို ငါမသနား။ ငါ့ထံမှ ထွက်သွားစေခြင်းငှာနှင်ထုတ်လော့။
15:2 အကျွန်ုပ်တို့သည် အဘယ်အရပ်သို့ ထွက်သွားရပါမည်နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း၊ သေတန်သောသူတို့သည် သေခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သော သူတို့သည် ကွပ်မျက်ခြင်းသို့လည်းကောင်း၊ ငတ်မွတ်တန်သောသူတို့သည် ငတ်မွတ်ခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့သည် သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း ထွက်သွားကြဟု ထာဝရဘုရား မိန့်တော်မူကြောင်းကို သူတို့အားဆင့်ဆိုလော့။
15:3 သူတို့ကို သတ်ရသောဓား၊ ဆွဲဖြတ်ရသောခွေး၊ ကိုက်စားရသောမိုးကောင်းကင်ငှက်နှင့် သားရဲတည်းဟူသော ရန်သူလေးမျိုးကို သူတို့တစ်ဖက်၌ ငါခန့်ထားမည်။
15:4 ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့၌ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီးပေါ်မှာအတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အယှက်ကိုခံစေမည်။
15:5 အို ယေရုရှလင်မြို့၊ သင့်ကို အဘယ်သူသနားလိမ့်မည်နည်း။ သင်နှင့်အတူ အဘယ်သူ ညည်းတွားလိမ့်မည်နည်း။ သင့်ကို ကျန်းမာ၏လောဟုမေးအံ့သောငှာ၊ အဘယ်သူလမ်းလွှဲလိမ့်မည်နည်း။
15:6 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါ့ကိုစွန့်ပစ်၍ ဆုတ်သွားပြီ။ ထိုကြောင့်၊ ငါသည် လက်ကိုဆန့်၍ သင့်ကိုဖျက်ဆီးမည်။ ငါသည် နောင်တရ၍ငြီးငွေ့ပြီ။
15:7 ပြည်တံခါးဝ၌ သူတို့ကို ဆန်ကောနှင့်ငါလှေ့မည်။ သူတို့သားသမီးများကို ငါရှုံးစေမည်။ ငါ၏လူမျိုးသည် မိမိလိုက်သွားသောလမ်းမှ မပြန်လာသောကြောင့်၊ သူတို့ကိုငါဖျက်ဆီးမည်။
15:8 သူတို့မုဆိုးမတို့သည် သမုဒ္ဒရာသဲလုံးနှင့် အမျှမက၊ ငါ့ရှေ့မှာများပြားကြလိမ့်မည်။ မွန်းတည့်အချိန်၌ အမိကို တိုက်ဖျက်သော လုလင်ကိုငါခေါ်ခဲ့၍၊ ကြောက်မက်ဖွယ်သောလုပ်ကြံခြင်းကို ချက်ချင်းဖြစ်စေမည်။
15:9 သားခုနစ်ယောက်ကို ဖွားမြင်သောမိန်းမသည် အားလျော့၍ အသက်ချုပ်လေ၏။ ညအချိန်မရောက်မီ သူ၏နေဝင်လေ၏။ သူသည် ရှက်ကြောက်မှိုင်တွေလျက်နေရ၏။ ကျန်ကြွင်းသောသူတို့ကိုလည်း၊ ရန်သူတို့ရှေ့မှာ၊ ဓား၌ငါအပ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15:10 အို မိခင်၊ ငါ၌ အမင်္ဂလာရှိ၏။ မိခင်သည် တစ်ပြည်လုံးရန်တွေ့သောသူ၊ ငြင်းဆန်သောသူဖြစ်သော ငါ့ကို ဖွားမြင်ပါပြီ။ ငါသည် သူတစ်ပါးကို အတိုးနှင့် မချေး။ သူတစ်ပါးသည်လည်း ငါ့ကိုအတိုးနှင့်မချေး။ သို့သော်လည်း၊ လူခပ်သိမ်းတို့သည် ငါ့ကို ကျိန်ဆဲတတ်ကြ၏။
15:11 ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင့်ကို ငါချမ်းသာပေးမည်။ အမှုရောက်သောကာလ၊ ညှဉ်းဆဲခြင်းကိုခံရသော ကာလ၌၊ ရန်သူသည် သင့်ထံမှာတောင်းပန်မည်အကြောင်း၊ အကယ်စင်စစ် ငါစီရင်မည်။
15:12 သံချင်းတိုက်သောအခါ မြောက်ပြည်သံကိုလည်းကောင်း၊ သံမဏိကိုလည်းကောင်း ချိုးနိုင်သလော။
15:13 သင်၏ပြည် တစ်လျှောက်လုံး၌ သင်ပြုသောအပြစ်များကြောင့်၊ သင်၏ဥစ္စာဘဏ္ဍာကို အဖိုးမခံဘဲ လုယူသော သူတို့လက်သို့ ငါပေးမည်။
15:14 သင်မသိသောပြည်သို့ ရန်သူနှင့်အတူ သင့်ကိုငါသွားစေမည်။ သင်တို့ကို လောင်သောမီးသည် ငါ့အမျက်အားဖြင့် ရှို့လျက်ရှိ၏။
15:15 အို ထာဝရဘုရား၊ ကိုယ်တော်သည် သိတော်မူ၏။ အကျွန်ုပ်ကိုအောက်မေ့လျက် အကြည့်အရှုကြွလာ၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့ကို တရားသဖြင့် ပေးတော်မူပါ။ သူတို့ကိုသည်းခံ၍၊ အကျွန်ုပ်ကို သုတ်သင်ပယ်ရှင်းတော် မမူပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော်အတွက် ကဲ့ရဲ့ခြင်းခံရကြောင်းကို အောက်မေ့တော်မူပါ။
15:16 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ်တော်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်း ဖြစ်ပါ၏။ နာမတော်ဖြင့် အကျွန်ုပ်ကို ခေါ်ဝေါ်ပါ၏။
15:17 ပွဲခံသောသူ အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ရွှင်ခြင်းအမှုကို မပြုပါ။ လက်တင်တော်မူသောကြောင့်၊ တစ်ယောက်တည်း ထိုင်ပါပြီ။ အကျွန်ုပ်ကို ဒေါသအမျက်နှင့် ပြည့်စေတော်မူပြီ။
15:18 အကျွန်ုပ်ခံရသောဝေဒနာသည် အဘယ်ကြောင့် မြဲပါသနည်း။ မပျောက်လို၊ မပျောက်နိုင်သောအနာကို အဘယ်ကြောင့် ခံရပါသနည်း။ အကယ်စင်စစ် ကိုယ်တော်သည်ပျောက်တတ်၍၊ လှည့်စားသောရေကဲ့သို့ အကျွန်ုပ်၌ ဖြစ်တော်မူပါပြီတကား။
15:19 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာနှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ်ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍မသွားရ။
15:20 ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။
15:21 လူဆိုးလက်မှ သင့်ကိုငါနုတ်၍၊ ကြောက်မက်ဖွယ်သော သူတို့လက်မှ ရွေးယူမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။