Jeremiah 16
16:1 တစ်ဖန် ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
16:2 သင်သည် ဤအရပ်၌ စုံဖက်ခြင်းကို မပြုရ။ သားသမီးကို မဖွားမမြင်ရ။
16:3 ဤအရပ်၌ ဖွားမြင်သော သားသမီးများကိုလည်းကောင်း၊ သူတို့မိဘများကိုလည်းကောင်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊
16:4 ထိုသူတို့သည် ဆိုးသောသေခြင်းဖြင့် သေရကြလိမ့်မည်။ သူတို့ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ဓားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဖို့ ဖြစ်ကြလိမ့်မည်။
16:5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှာ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော်မူ၏။
16:6 ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကို မပြုရ။ ကိုယ်ကိုကိုယ်ရှနခြင်း၊ ဆံပင်ရိတ်ခြင်းကိုလည်း မပြုရ။
16:7 သေသောသူတို့အတွက် စိတ်မသာ ညည်းတွားသောသူတို့ကို နှစ်သိမ့်စေခြင်းငှာ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကိုမပေးရ။
16:8 ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့်ပေါင်းဖော်၍ မစားမသောက်နှင့်။
16:9 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
16:10 သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအားကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှလောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ်ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသောအပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊
16:11 သင်သည် ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတစ်ပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြုကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့်သောကြောင့်လည်းကောင်း၊
16:12 ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နားမထောင်၊ မိမိတို့ဆိုးသော စိတ်နှလုံး၊ ခိုင်မာသောသဘောသို့ လိုက်သောကြောင့်လည်းကောင်း၊
16:13 သင်တို့နှင့် သင်တို့၏ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကို မခံရ။ အခြားတစ်ပါးသောဘုရားတို့ကို နေ့ညမပြတ် ဝတ်ပြုရကြမည်။
16:14 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
16:15 ဣသရေလ အမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဖူးသော ပြည်ရှိသမျှတို့မှ နုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရသောကာလသည် နောက်တစ်ဖန်ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်။
16:16 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကို မျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီးတောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
16:17 သူတို့သွားသမျှသောလမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြသည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍မထားနိုင်။
16:18 သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံသောမြေကို သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆသော အပြစ်ဒဏ်ကို ငါပေးမည်။
16:19 အကျွန်ုပ်အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှုရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူသော ထာဝရဘုရား၊ တစ်ပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသား၊ အနတ္တ၊ အချည်းနှီးသော အရာတို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
16:20 လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဖို့ လုပ်ရမည်လော။
16:21 သို့ဖြစ်၍၊ ငါသည် ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဖော်ပြသောအားဖြင့်၊ ငါ့နာမသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။