Jeremiah 17
17:1 ယုဒအမျိုး၏အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌လည်းကောင်း၊ ယဇ်ပလ္လင်ဦးချို၌လည်းကောင်း အက္ခရာတင်၍ မှတ်သားလျက်ရှိ၏။
17:2 သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသောသစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
17:3 အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာနှင့် သိုထားသမျှသောဥစ္စာကိုလည်းကောင်း၊ ပြည်တစ်လျှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကိုလည်းကောင်း၊ လုယူသောသူတို့လက်သို့ ငါအပ်မည်။
17:4 သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ်လောင်သောငါ၏အမျက်မီးကို သင်တို့သည် မွေးကြပြီ။
17:5 ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူဖြစ်၏။
17:6 ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်။
17:7 ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။
17:8 ထိုသူသည်ကား၊ ရေရှိသောအရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သောကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကိုသီးတတ်သော အပင်နှင့်တူ၏။
17:9 စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
17:10 ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကိုပေးခြင်းငှာ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
17:11 ကောရငှက်သည် မိမိမဥသောဥကို ဝပ်သကဲ့သို့၊ မတရားသဖြင့် ဥစ္စာဆည်းပူးသောသူသည် အသက်ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
17:12 ရှေ့ဦးစွာမှစ၍ မြင့်သောအရပ်၌ ဘုန်းကြီးတော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာနတော်အရပ် ဖြစ်၏။
17:13 အို ဣသရေလအမျိုး၏ မျှော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သောသူအပေါင်းတို့သည် အရှက်ကွဲရကြပါလိမ့်မည်။ ငါ့ထံမှ ထွက်သွားသောသူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေတွင်း တည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြသတည်း။
17:14 အို ထာဝရဘုရား၊ အကျွန်ုပ်၏အနာကို ငြိမ်းစေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့်မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ချီးမွမ်းရာ ဖြစ်တော်မူ၏။
17:15 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
17:16 အကျွန်ုပ်သည် နောက်တော်သို့လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့်တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော်မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
17:17 အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေးရောက်သောကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
17:18 အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ်ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော်မူပါ။
17:19 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင်မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
17:20 လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရုရှလင်မြို့သားများ အပေါင်းတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
17:21 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင်မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
17:22 ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ်မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့။
17:23 ဘိုးဘေးတို့သည်နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
17:24 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကိုမသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှ မလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
17:25 ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများသို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
17:26 မီးရှို့ရာယဇ်မှစ၍ အခြားသောယဇ်များ၊ ပူဇော်သကာများ၊ မီးရှို့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင်အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
17:27 သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရုရှလင်မြို့ တံခါးများသို့မဝင်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင်လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကိုမီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ ဘုံဗိမာန်တို့ကို လောင်ရလိမ့်မည်။