Jeremiah 18
18:1 ယေရမိသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
18:2 သင်သည် ထ၍ အိုးထိန်းသမားအိမ်သို့ သွားလော့။ ထိုအရပ်၌ ငါ့စကားကို ငါကြားစေမည်ဟု မိန့်တော်မူသည်အတိုင်း၊
18:3 ငါသည်သွား၍၊ အိုးထိန်းစက်နှင့် လုပ်လျက်ရှိသော အိုးထိန်းသမားကိုတွေ့၏။
18:4 အိုးမြေဖြင့် လုပ်သောအိုးသည်၊ အိုးထိန်းသမားလက်၌ပျက်စီးသောကြောင့်၊ သူသည် အလိုအလျောက်အသစ်ပြုပြင်၍၊ အခြားသောအိုးကို လုပ်ပြန်လေ၏။
18:5 ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊
18:6 အို ဣသရေလအမျိုး၊ အိုးထိန်းသမားပြုသကဲ့သို့ သင်တို့ကိုငါမပြုနိုင်သလော။ အို ဣသရေလအမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ရှိသကဲ့သို့ သင်တို့သည် ငါ့လက်၌ရှိကြ၏။
18:7 အကြင်တိုင်းနိုင်ငံကို နုတ်ပယ်ဖြိုချ ဖျက်ဆီးခြင်းငှာ ငါအမိန့်တော်ရှိ၏။
18:8 ငါ့အမိန့်တော်နှင့် ဆိုင်သော ထိုတိုင်းနိုင်ငံသည် မိမိဒုစရိုက်ကို စွန့်ပစ်လျှင်၊ ငါကြံစည်သောဘေးဒဏ်ကို ငါနောင်တရမည်။
18:9 အကြင်တိုင်းနိုင်ငံကို တည်ထောင်ပြုစုခြင်းငှာ ငါအမိန့်တော်ရှိ၏။
18:10 ထိုတိုင်းနိုင်ငံသည် ငါ့စကားကို နားမထောင်၊ ငါ့မျက်မှောက်၌ ဒုစရိုက်ကိုပြုလျှင်၊ သူ၏အကျိုးအလိုငှာ ပြုစုမည်ဟူသော စကား၌ပါသောကျေးဇူးကို ငါနောင်တရမည်။
18:11 ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဖို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။
18:12 သူတို့ကလည်း၊ မျှော်လင့်စရာမရှိ။ ငါတို့သည် ကိုယ်အလိုသို့ လိုက်မည်။ ငါတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းရှိသည်အတိုင်း၊ အသီးအသီးပြုမည်ဟု ဆိုကြ၏။
18:13 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့သောအမှုကို အဘယ်သူကြားဖူးသနည်းဟု သာသနာပလူတို့တွင် မေးကြလော့။ ဣသရေလသတို့သမီးကညာသည် အလွန်စက်ဆုပ် ရွံရှာဖွယ်သောအမှုကို ပြုလေပြီ။
18:14 လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန်တောင်၏မိုးပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြားတစ်ပါးသောအရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။
18:15 ငါ၏လူတို့သည် ငါ့ကိုမေ့လျော့၍၊ အချည်းနှီးသောအရာရှေ့မှာ နံ့သာပေါင်းကို မီးရှို့ကြပြီ။ ရှေးကာလမှစ၍ လိုက်ဖူးသော လမ်းတို့၌ လဲတတ်သောကြောင့်၊ အခြားသောလမ်း၊ မြေမဖို့သောလမ်းသို့ လိုက်ကြပြီတကား။
18:16 ထိုသို့ပြု၍ မိမိတို့ပြည်ကို လူဆိတ်ညံရာအရပ်၊ အစဉ်ကဲ့ရဲ့သံကြားရာအရပ် ဖြစ်စေသဖြင့်၊ လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည်အံ့ဩ၍၊ မိမိတို့ခေါင်းကို ညိတ်ကြလိမ့်မည်။
18:17 ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့မှာ လွင့်စေမည်။ ဘေးရောက်သောကာလ၌ သူတို့အား မျက်နှာကိုမပြ၊ ကျောကိုပြမည်။
18:18 သူတို့ကလည်း လာကြ။ ယေရမိတစ်ဖက်၌ ကြံစည်ကြကုန်အံ့။ ယဇ်ပုရောဟိတ်သည် တရားအမှု၌လည်းကောင်း၊ ပညာရှိသောသူသည် အကြံပေးခြင်းအမှု၌လည်းကောင်း၊ ပရောဖက်သည် ဟောပြောခြင်းအမှု၌လည်းကောင်း အရှုံးမခံရ။ လာကြ။ ယေရမိကို လျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားကို နားမထောင်ဘဲ နေကြကုန်အံ့ဟုဆိုကြ၏။
18:19 အို ထာဝရဘုရား၊ အကျွန်ုပ်ကို ကြည့်ရှုတော်မူပါ။ အကျွန်ုပ်နှင့် ရန်တွေ့သောသူတို့၏စကားကို မှတ်တော်မူပါ။
18:20 ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဖို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှာ လျှောက်၍၊ သူတို့မှအမျက်တော်ကို လွှဲခြင်းငှာ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။
18:21 ထိုကြောင့်၊ သူတို့ကို ဓားဘေးသို့လည်းကောင်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့လည်းကောင်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည် သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့လည်း စစ်တိုက်ပွဲ၌ ဓားဖြင့် ဆုံးကြပါစေသော။
18:22 စစ်တိုက်သော ရန်သူများကို သူတို့ရှိရာသို့ ချက်ချင်းရောက်စေတော်မူသောအခါ၊ သူတို့အိမ်သားများ အော်ဟစ်ကြပါစေသော။ အကြောင်းမူကား၊ အကျွန်ုပ်ကို ထောင်ခြင်းငှာ တွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သွားရာလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။
18:23 အို ထာဝရဘုရား၊ အကျွန်ုပ်အသက်ကို သတ်ခြင်းငှာ၊ သူတို့ ကြံစည်သမျှကို ကိုယ်တော်သိတော်မူ၏။ သူတို့ကို အပြစ်မှ လွှတ်တော်မမူပါနှင့်။ မျက်မှောက်တော်၌ သူတို့အပြစ်ကို ချေတော်မမူပါနှင့်။ ရှေ့တော်၌ ဆုံးရှုံးကြပါစေသော။ အမျက်တော်ထွက်သောအခါ၊ သူတို့ကို စီရင်တော်မူပါ။