Jeremiah 19
19:1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အိုးထိန်းသမားထံသို့ သွား၍ ရေဘူးကိုယူပြီးလျှင်၊ အသက်ကြီးသောလူ၊ အသက်ကြီးသော ယဇ်ပုရောဟိတ် အချို့တို့နှင့်တကွ၊
19:2 ဟရသိတ်တံခါးပြင်၊ ဟိန္နုံသား၏ ချိုင့်သို့သွား၍၊ ငါမိန့်တော်မူသည်အတိုင်း ကြွေးကြော်ရမည့်စကားဟူမူကား၊
19:3 အို ယုဒရှင်ဘုရင်များနှင့် ယေရုရှလင်မြို့သားများတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သတင်းကြားသောသူတိုင်း နားခါးသည်တိုင်အောင်၊ ငါသည် ဤအရပ်၌ ဘေးရောက်စေမည်။
19:4 အကြောင်းမူကား၊ သူတို့သည် ငါ့ကိုစွန့်ပစ်ကြပြီ။ ကိုယ်တိုင်မသိ၊ ဘိုးဘေးများမသိ၊ ယုဒရှင်ဘုရင်များ မသိသော တစ်ကျွန်းတစ်နိုင်ငံ ဘုရားတို့ရှေ့မှာ၊ ဤအရပ်၌ နံ့သာပေါင်းကို မီးရှို့သဖြင့်၊ ဤအရပ်ကို တစ်ကျွန်းတစ်နိုင်ငံမြေ ဖြစ်စေကြပြီ။ အပြစ်မရှိသော သူတို့၏အသွေးနှင့် ဤအရပ်ကို ပြည့်စေကြပြီ။
19:5 ငါမစီရင်မမှာထား၊ ငါအလျှင်းအလိုမရှိသောဝတ်တည်းဟူသော၊ ဗာလဘုရားရှေ့မှာ မိမိသားတို့ကို မီးရှို့၍၊ ပူဇော်ရာဝတ်ပြုခြင်းငှာ၊ ဗာလဘုရားဖို့ ကုန်းတို့ကို တည်လုပ်ကြပြီ။
19:6 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအရပ်ကို တောဘက်အရပ်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလသည်ရောက်လိမ့်မည်။
19:7 ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည်ကို ဤအရပ်၌ ငါဖျက်မည်။ ရန်သူ၏ ဓားဖြင့်လည်းကောင်း၊ သတ်ခြင်းငှာ ရှာသောသူ၏ လက်ဖြင့်လည်းကောင်း၊ သူတို့ကို ငါဆုံးစေမည်။ သူတို့အသေကောင်များကိုလည်း မိုးကောင်းကင်ငှက်နှင့် တောသားရဲစားစရာဖို့ ငါထားမည်။
19:8 ဤမြို့ကိုလည်း လူဆိတ်ညံရာ၊ ကဲ့ရဲ့သံကို ကြားရာအရပ် ဖြစ်စေမည်။ လမ်း၌ လျှောက်သွားသမျှသော သူတို့သည် ဤမြို့ခံရသော ဘေးအလုံးစုံတို့ကို မြင်သောအခါ၊ အံ့ဩ၍ ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
19:9 သတ်ခြင်းငှာ ရှာကြံသောရန်သူများတို့သည် ဝိုင်း၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ်လျက်နေ၍၊ ကိုယ်သားသမီး အသားကို ငါစားစေမည်။ အချင်းချင်းတစ်ယောက်အသားကို တစ်ယောက်စားကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
19:10 သင်နှင့်အတူ သွားသောသူတို့ရှေ့တွင်၊ ရေဘူးကိုခွဲလော့။
19:11 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက၊ နောက်တစ်ဖန် မပြင်နိုင်အောင် ရေဘူးကို ခွဲသကဲ့သို့၊ ဤလူများနေသော ဤမြို့ကို ငါခွဲမည်။ တောဘက်အရပ်၌ သင်္ဂြိုဟ်ရာမြေမလောက်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
19:12 ဤအရပ်၌လည်းကောင်း၊ ဤအရပ်သားတို့၌လည်းကောင်း၊ ဤသို့ငါပြု၍ ဤမြို့ကို တောဘက်အရပ်ကဲ့သို့ ဖြစ်စေမည်။
19:13 အကြင်အိမ်မိုးအပေါ်မှာ ကောင်းကင်တန်ဆာရှိသမျှတို့အား နံ့သာပေါင်းကို မီးရှို့၍၊ အခြားတစ်ပါးသော ဘုရားများရှေ့၌ သွန်းလောင်းရာ ပူဇော်သကာပြု၏။ ထိုအိမ်ရှိသမျှတို့နှင့်တကွ ယေရုရှလင်မြို့အိမ်များ၊ ယုဒရှင်ဘုရင်၏ နန်းတော်များတို့သည် တောဘက်အရပ်ကဲ့သို့ မစင်ကြယ်ဖြစ်ရကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။
19:14 ထိုအခါ ဟောပြောစေခြင်းငှာ၊ ထာဝရဘုရားစေလွှတ်တော်မူရာ တောဘက်အရပ်က၊ ယေရမိသည် ပြန်လာ၍ ဗိမာန်တော်တံတိုင်း၌ ရပ်လျက်၊
19:15 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့သားတို့သည် ငါ့စကားကို နားမထောင်ခြင်းငှာ၊ မိမိတို့လည်ပင်းကို ခိုင်မာစေသောကြောင့်၊ ငါခြိမ်းသမျှသောဘေးဒဏ်တို့ကို၊ ဤမြို့ရွာရှိသမျှတို့အပေါ်မှာ သက်ရောက်စေမည်ဟူသောအမိန့်တော်ကို လူအပေါင်းတို့အား ဆင့်ဆိုလေ၏။