Jeremiah 20
20:1 ထိုသို့ယေရမိဟောပြောကြောင်းကို၊ ဗိမာန်တော်မှူးဖြစ်သော ယဇ်ပုရောဟိတ် ဣမေရသားပါရှုရသည် ကြားသောအခါ၊
20:2 ပရောဖက် ယေရမိကိုရိုက်ပုတ်၍၊ ဗိမာန်တော်နားမှာ ဗင်္ယာမိန် အထက်တံခါးဝတွင် ထိတ်ခတ်၍ထား၏။
20:3 နက်ဖြန်နေ့၌ ပါရှုရသည် ယေရမိကို ထိတ်မှလွှတ်သောအခါ၊ ယေရမိက၊ ထာဝရဘုရားသည် သင့်ကို ပါရှုရဟူ၍ မှည့်တော်မမူ။ မာဂေါမိဿဘိတ်ဟူ၍ မှည့်တော်မူ၏။
20:4 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်နှင့် သင်၏အဆွေခင်ပွန်းတို့၌၊ သင့်ကို ကြောက်မက်ဖွယ်သောအရာ ဖြစ်စေမည်။ သူတို့သည်လည်း၊ သင့်မျက်မှောက်၌ ရန်သူ၏ဓားဖြင့် ဆုံးကြလိမ့်မည်။ ယုဒပြည်တစ်ပြည်လုံးကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် ပြည်သားတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွား၍၊ ဓားနှင့် သတ်လိမ့်မည်။
20:5 ဤမြို့၏ အစွမ်းသတ္တိရှိသမျှကိုလည်းကောင်း၊ လုပ်ဆောင်၍ ရသမျှသောဥစ္စာကိုလည်းကောင်း၊ ဆည်းပူးသမျှသော ရတနာကိုလည်းကောင်း၊ ယုဒရှင်ဘုရင်၏ဘဏ္ဍာတော်အလုံးစုံတို့ကိုလည်းကောင်း၊ ရန်သူလက်သို့ငါအပ်သဖြင့်၊ ရန်သူတို့သည် လုယက်၍ ဗာဗုလုန်မြို့သို့ သိမ်းသွားကြလိမ့်မည်။
20:6 သင်ပါရှုရနှင့် သင်၏အိမ်သူ အိမ်သားအပေါင်းတို့ကိုလည်း သိမ်းသွားကြလိမ့်မည်။ သင်သည် ဗာဗုလုန်မြို့သို့ ရောက်ရလိမ့်မည်။ သင်ဟောပြောသော မုသားစကားကို နားထောင်သော သင်၏အဆွေခင်ပွန်း အပေါင်းတို့နှင်တကွ၊ သင်သည် ထိုမြို့၌သေ၍ သင်္ဂြိုဟ်ခြင်းကို ခံရလိမ့်မည်ဟု ပါရှုရအားပြောဆို၏။
20:7 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သွေးဆောင်တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ထက်အားကြီး၍ နိုင်တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကို နေ့တိုင်းခံရပါ၏။ လူတိုင်း ပြက်ရယ်ခြင်းကို ပြုတတ်ကြပါ၏။
20:8 အကျွန်ုပ်သည် ဟောပြောလေရာရာ၌ အနိုင်အထက်ပြုခြင်း၊ ညှဉ်းဆဲခြင်းအမှုကြောင့် အော်ဟစ်၍ ကြွေးကြော်ရပါ၏။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အကျွန်ုပ်၌ ကဲ့ရဲ့ခြင်း၊ အစဉ်ပြက်ရယ်ခြင်းကို ခံစရာအကြောင်း ဖြစ်ပါ၏။
20:9 ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မကြားမပြော၊ နာမတော်ကိုအမှီပြု၍ မဟောဘဲနေမည်ဟု သဘောထားသော်လည်း၊ ငါ့အရိုးတို့၌ချုပ်ထား၍၊ လောင်သောမီးကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့နှလုံး၌ ဖြစ်သောကြောင့်၊ အလွန်ငြီးငွေ့သဖြင့် အောင့်၍မနေနိုင်၊
20:10 လူများကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရ၏။ ခပ်သိမ်းသော အရပ်တို့၌ ကြောက်မက်ဖွယ်သော အကြောင်းရှိ၏။ သူတစ်ပါးတို့က သတင်းကို ကြားပြောကြလော့။ ငါတို့သည် တစ်ဆင့် ကြားပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ၏အနားမှာ အစဉ်နေသော ငါ၏မိတ်ဆွေအပေါင်းတို့က၊ ငါတို့သည် သူ့ကိုနိုင်၍ အငြိုးထားသောစိတ်ပြေစေခြင်းငှာ၊ သူ့ကို သွေးဆောင်ကောင်း သွေးဆောင်လိမ့်မည်ဟု ဆိုကြ၏။
20:11 သို့သော်လည်း၊ ထာဝရဘုရားသည် အားကြီးသောသူရဲကဲ့သို့ ငါ့ဘက်၌ ရှိတော်မူ၏။ ထိုကြောင့်၊ ငါ့ကိုညှဉ်းဆဲသော သူတို့သည် မနိုင်ဘဲ ထိမိ၍ လဲကြလိမ့်မည်။ အကြံမမြောက်သောကြောင့် အလွန်ရှက်ကြလိမ့်မည်။ မပြေမပျောက်နိုင်သော ထာဝရရှက်ကြောက်ခြင်း ရှိကြလိမ့်မည်။
20:12 ဖြောင့်မတ်သော သူတို့ကို စုံစမ်း၍၊ နှလုံးကျောက်ကပ်သဘောကို သိမြင်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ရှေ့တော်၌ဖွင့်ပြပါသည်ဖြစ်၍၊ သူတို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင်ရပါလိမ့်မည်။
20:13 ထာဝရဘုရားအား သီချင်းဆိုကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ အကြောင်းမူကား၊ မတရားသဖြင့် ပြုသောသူတို့လက်မှ၊ ဆင်းရဲသောသူကို ကယ်နုတ်တော်မူသတည်း။
20:14 ငါဖွားသော နေ့ရက်သည် အမင်္ဂလာရှိပါစေသော။ ငါ့ကို ငါ့အမိဖွားသော နေ့ရက်သည် ကောင်းချီးမင်္ဂလာကို မခံပါစေနှင့်။
20:15 ငါ့အဘထံသို့သွား၍၊ ကိုယ်တော်သည် သားယောက်ျားကို ရပါပြီဟု သတင်းပြောလျက်၊ ငါ့အဘကို အလွန်ဝမ်းမြောက်စေသော သူသည် အမင်္ဂလာရှိပါစေသော။
20:16 ထာဝရဘုရားသည် နောင်တမရ၊ ဖျက်ဆီးတော်မူသောမြို့တို့ကဲ့သို့၊ ထိုသူသည်ဖြစ်ပါစေသော။ နံနက်အချိန်၌ ကြွေးကြော်သံကိုလည်းကောင်း၊ မွန်းတည့်အချိန်၌ အော်ဟစ်သံကိုလည်းကောင်း ကြားပါစေသော။
20:17 အကြောင်းမူကား၊ သူသည် ငါ့ကိုဖွားစကပင်မသတ်ဘဲ၊ ငါ့အမိ၏ဝမ်းသည် ငါ၏သင်္ချိုင်းဖြစ်၍၊ ငါ့ကိုအစဉ် ကိုယ်ဝန်ဆောင်မည် အကြောင်းမပြုဘဲ နေပါသည်တကား။
20:18 ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကိုခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဖွားမြင်ရပါသနည်း။