Jeremiah 3
3:1 ယောက်ျားစွန့်ပစ်သော မိန်းမသည် ထွက်သွား၍၊ အခြားသောသူ၏ မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသောပြည်သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည် များစွာသော ရည်းစားတို့၌ မှီဝဲ၍ မှားယွင်းသော်လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။
3:2 မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေဖူးသောအရပ် တစ်စုံတစ်ခုကိုရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်လည်းကောင်း၊ အဓမ္မအမှုအားဖြင့်လည်းကောင်း ပြည်ကို ညစ်ညူးစေပြီ။
3:3 မိုးခေါင်၍ နောက်မိုးတိုင်အောင် မရွာသော်လည်း၊ သင်သည် ပြည့်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်းသဘောကို ပယ်ရှားပြီ။
3:4 ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော်သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။
3:5 ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူမည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည်လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင်သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။
3:6 ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသရေလအမျိုး ပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သောတောင်ရှိသမျှ အပေါ်သို့တက်၍လည်းကောင်း၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌လည်းကောင်း ပြည့်တန်ဆာလုပ်လေပြီ။
3:7 သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည် ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမယုဒသည် ကြည့်မြင်လေ၏။
3:8 ဖောက်ပြန်သော ဣသရေလသည် မတရားသောမေထုန်ကိုပြု၍၊ မှားယွင်းသောအပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက်သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည့်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
3:9 သူသည် မတရားသောမေထုန်ကိုပြု၍ အလွန်လော်လည်သောအားဖြင့် ပြည်ကိုညစ်ညူးစေ၍၊ ကျောက်နှင့်လည်းကောင်း၊ သစ်တုံးနှင့်လည်းကောင်း မှားယွင်းလေ၏။
3:10 ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက်သောညီမယုဒသည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ ပြန်၍မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3:11 တစ်ဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ သစ္စာပျက်သောယုဒသည် ဖောက်ပြန်သောဣသရေလထက် အပြစ်ကြီး၏။
3:12 သင်သည်သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော်ရမည်စကားဟူမူကား၊ အို ဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါသည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘောရှိ၏။ အစဉ်အမျက်ထွက်တတ်သည် မဟုတ်ဟု ထာဝရဘုရား မိန့်တော်မူ၏။
3:13 သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကိုပြစ်မှား၍၊ စိမ်းသောသစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှားယွင်းသောအပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။
3:14 အို ဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဖူးသော်လည်း၊ သင်တို့မြို့များထဲက တစ်မြို့လျှင် လူတစ်ယောက်၊ အမျိုးသားချင်းအစုစုထဲက တစ်စုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
3:15 ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ၌ ခန့်ထား၍၊ သူတို့သည် ဉာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
3:16 ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွားများပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ဟူ၍ နောက်တစ်ဖန် မပြောမဆိုရ။ ထိုသေတ္တာတော်ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တစ်ဖန်မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
3:17 ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ပလ္လင်ဟူ၍ ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း၊ ထာဝရဘုရား၏ နာမတော်ကိုအမှီပြု၍၊ ထိုပလ္လင်သို့ စည်းဝေးကြလိမ့်မည်။ နောက်တစ်ဖန် မိမိတို့၌ ဆိုးသောစိတ်နှလုံး ခိုင်မာခြင်းသဘောသို့လိုက်၍ မကျင့်ရကြ။
3:18 ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုးနှင့် ပေါင်းဖော်လျက်၊ မြောက်မျက်နှာအရပ်က တစ်စုတည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဖို့၊ ငါပေးဖူးသောပြည်သို့ရောက်ကြလိမ့်မည်။
3:19 ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ထားရအံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏အထွဋ်၊ ဘုန်းကြီးသော အမွေခံရာပြည်ကို သင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
3:20 အို ဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည် ငါ၌သစ္စာဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
3:21 ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။
3:22 အို ဖောက်ပြန်သောသူငယ်၊ သင်တို့ပြန်လာကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်တော်မူ၏။
3:23 အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက်ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာအကြောင်းဖြစ်တော်မူ၏။
3:24 ရှက်ဖွယ်သောအရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုးနွား၊ သားသမီးများကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ကုန်ပါပြီ။
3:25 အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့သည် ငယ်သောအရွယ်မှစ၍ ယခုတိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နားမထောင်။ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဆိုကြ၏။