Jeremiah 21
21:1 ဇေဒကိမင်းကြီးသည် မေလခိသား ပါရှုရနှင့်၊ ယဇ်ပုရောဟိတ် မာသေယသားဇေဖနိတို့ကို ယေရမိထံသို့ စေလွှတ်၍၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ငါတို့ကို စစ်တိုက်သည်ဖြစ်၍၊ သူ့ကိုငါတို့ထံမှ ပြန်သွားစေခြင်းငှာ၊ ထာဝရဘုရားသည် အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူသမျှအတိုင်း၊ ငါတို့၌ တစ်ဖန်ပြုတော်မူမည်အကြောင်း၊ ငါတို့အတွက် ထာဝရဘုရားကို တောင်းပန်ပါလော့ဟု မိန့်တော်မူသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊
21:3 ယေရမိက၊ သင်တို့သည် ဇေဒကိမင်းကြီးအားပြန်ပြောရမည်မှာ၊
21:4 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏မြို့ပြင်မှာ တပ်စွဲ၍နေသော ဗာဗုလုန်ရှင်ဘုရင်၊ ခါလဒဲအမျိုးသားတို့ကို စစ်တိုက်လျက်၊ သင်တို့စွဲကိုင်သော လက်နက်များကို ငါလွဲစေမည်။ ထိုသူတို့ကို မြို့ထဲ၌ ငါစည်းဝေးစေမည်။
21:5 ငါ့ကိုယ်တိုင်လည်း အလွန်ပြင်းစွာထွက်သော အမျက်အရှိန်အားကြီး၍၊ ဆန့်သောလက်၊ သန်စွမ်းသောလက်ရုံးနှင့် သင်တို့ကို တိုက်မည်။
21:6 ဤမြို့၌နေသော လူသတ္တဝါ တိရစ္ဆာန်တို့ကို ငါသည်ဒဏ်ခတ်၍၊ ပြင်းစွာသောကာလနာဖြင့် သေရကြလိမ့်မည်။
21:7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
21:8 ထာဝရဘုရားကလည်း၊ သင်သည် ဤလူမျိုးတို့အား ဆင့်ဆိုရသော ထာဝရဘုရား၏အမိန့်တော်ဟူမူကား၊ အသက်ရှင်ရာလမ်း၊ သေရာလမ်းတို့ကို သင်တို့ရှေ့မှာ ငါဖွင့်ထား၏။
21:9 ဤမြို့ထဲမှာနေသော သူသည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာခြင်းဘေးဖြင့် သေလိမ့်မည်။ မြို့ပြင်သို့ထွက်၍၊ မြို့ပြင်မှာ တပ်စွဲလျက်နေသော ခါလဒဲလူတို့ဘက်သို့ ဝင်စားသောသူသည် အသက်ချမ်းသာ၍ လုယူရသောဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
21:10 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ကျေးဇူးပြု၍၊ အပြစ်ပြုခြင်းငှာ ငါသည်မျက်နှာထားသည်ဖြစ်၍၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်သဖြင့်၊ သူသည် မီးရှို့လိမ့်မည်။
21:11 ယုဒရှင်ဘုရင်အမျိုးကို ရည်မှတ်၍၊ ထာဝရဘုရားမိန့်တော်မူသော စကားတော်ကို နားထောင်ကြလော့။
21:12 အို ဒါဝိဒ်မင်းကြီးအမျိုး၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ မဆိုင်းမလင့်၊ တရားသဖြင့် စီရင်ကြလော့။ လုယူခြင်းခံရသောသူကို ညှဉ်းဆဲသောသူ၏လက်မှ ကယ်နုတ်ကြလော့။ သို့မဟုတ်၊ သင်တို့ပြုသောဒုစရိုက်အပြစ်ကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ဖြစ်၍၊ အဘယ်သူမျှမသတ်နိုင်အောင် လောင်လိမ့်မည်။
21:13 ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ချိုင့်၌နေသောသူ၊ အို လွင်ပြင်၌ရှိသောကျောက်၊ သင့်တစ်ဖက်၌ ငါနေ၏။ သင်တို့က၊ ငါတို့ကို အဘယ်သူ စစ်တိုက်နိုင်မည်နည်း။ ငါတို့နေရာထဲသို့ အဘယ်သူဝင်နိုင်မည်နည်းဟု ဆိုတတ်သော်လည်း၊
21:14 သင်တို့အကျင့်နှင့် ထိုက်လျောက်အောင် အပြစ်ဒဏ်ကိုငါပေးမည်။ သင်တို့တောကို ငါရှို့သောမီးသည်၊ ပတ်လည်၌ ရှိသမျှသောအရာတို့ကို လောင်လိမ့်မည်ဟု မိန့်တော်မူ၏။