Jeremiah 27
27:1 ယုဒရှင်ဘုရင် ယောရှိသားဇေဒကိမင်း နန်းထိုင်စက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၍၊
27:2 ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ကြိုးနှင့်ထမ်းပိုးများကိုလုပ်၍၊ သင်၏လည်ပင်း၌တပ်လော့။
27:3 ယုဒရှင်ဘုရင်ဇေဒကိထံ၊ ယေရုရှလင်မြို့သို့ရောက်လာသော သံတမန်တို့တွင်၊ ထိုကြိုးနှင့် ထမ်းပိုးတို့ကို ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန်မင်း၊ တုရုမင်း၊ ဇိဒုန်မင်းသို့ပေးလိုက်လော့။
27:4 ထိုသံတမန်တို့အားလည်း၊ သင်တို့သည် သင်တို့အရှင်များတို့အား ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
27:5 ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကိုဆန့်လျက် မြေကြီးကိုလည်းကောင်း၊ မြေကြီးပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍၊ ငါသည် ပေးလိုသောသူတို့အားပေး၏။
27:6 ယခုမှာ ဤပြည်ရှိသမျှတို့ကို ငါ့ကျွန်ဗာဗုလုန်ရှင်ဘုရင်၊ နေဗုခဒ်နေဇာလက်သို့ ငါအပ်ပေးပြီ။ သူစေစားဖို့ရာ တောတိရစ္ဆာန်များကိုလည်း ငါပေးပြီ။
27:7 သူ၏နိုင်ငံဆုံးချိန် မရောက်မီတိုင်အောင်၊ ဤပြည်သားအပေါင်းတို့သည် သူ၏အမှုနှင့် သူ၏သားမြေးအမှုကို ဆောင်ရွက်ရကြမည်။ ထိုအချိန်ရောက်မှ၊ များစွာသော လူမျိုးတို့နှင့် ကြီးသောရှင်ဘုရင်တို့သည် သူ့ကို စေစားကြလိမ့်မည်။
27:8 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုမခံ၊ သူ၏ထမ်းပိုးကို မထမ်းလိုသော တိုင်းနိုင်ငံရှိသမျှကို၊ သူ၏လက်၌ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါအပြစ်ပေးမည်။
27:9 သို့ဖြစ်၍၊ သင်တို့သည် ဗာဗုလုန်ရှင်ဘုရင်၏ အစေကို မခံရဟု၊ သင်တို့အား ပြောတတ်သော ပရောဖက်၊ အနာဂတ်ဆရာ၊ အိပ်မက်မြင်သောဆရာ၊ နတ်ဝိဇ္ဇာဆရာ၊ ပြုစားတတ်သောဆရာတို့၏ စကားကိုနားမထောင်ကြနှင့်။
27:10 ထိုသူတို့သည် သင်တို့ကို သင်တို့ပြည်မှ အဝေးသို့ရွှေ့သွားစေခြင်းငှာလည်းကောင်း၊ သင်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာလည်းကောင်း မုသားစကားကို ဟောပြောတတ်ကြ၏။
27:11 ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းပိုးကိုထမ်း၍၊ သူ၏အစေကိုခံသော လူမျိုးတို့အား၊ မိမိတို့ပြည်၌နေရသော အခွင့်ကိုငါပေးသဖြင့်၊ သူတို့သည် မိမိတို့မြေ၌လုပ်၍ နေရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
27:12 ထိုစကားတော်ရှိသမျှကို ငါပြန်၍ ယုဒရှင်ဘုရင်ဇေဒကိအား လျှောက်ဆိုသည်ကား၊ ဗာဗုလုန် ရှင်ဘုရင်၏ထမ်းပိုးကိုထမ်း၍၊ သူနှင့် သူ၏လူများအစေကိုခံလျက်၊ အသက်ချမ်းသာပါလော့။
27:13 ဗာဗုလုန်ရှင်ဘုရင်၏ အစေကိုမခံသောလူမျိုးကို ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် ကိုယ်တော်၏ လူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် အဘယ်ကြောင့် သေရပါမည်နည်း။
27:14 သင်တို့သည် ဗာဗုလုန် ရှင်ဘုရင်၏အစေကို မခံရဟု၊ သင်တို့အားဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။
27:15 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့နှင့် သင်တို့အား ဟောပြောသော ပရောဖက်တို့ကို ငါနှင်ထုတ်၍ ဆုံးရှုံးစေခြင်းငှာ၊ ငါမစေလွှတ်ဘဲ သူတို့သည် ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။
27:16 ယဇ်ပုရောဟိတ်တို့နှင့် လူအပေါင်းတို့အားလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို ငါပြန်ပြောသည်ကား၊ ကာလမကြာမမြင့်မီ၊ ဗိမာန်တော်တန်ဆာတို့ကို ဗာဗုလုန်မြို့မှ တစ်ဖန်ဆောင်ခဲ့လိမ့်မည်ဟု သင်တို့အား ဟောပြောသော ပရောဖက်တို့၏စကားကို နားမထောင်ကြနှင့်။ သူတို့သည် မုသားစကားကို ဟောပြောတတ်ကြ၏။
27:17 သူတို့၏စကားကို နားမထောင်ကြနှင့်။ ဗာဗုလုန်ရှင်ဘုရင်၏အစေကိုခံ၍၊ အသက်ချမ်းသာကြလော့။ ဤမြို့သည် အဘယ်ကြောင့် ပျက်စီးခြင်းသို့ ရောက်ရမည်နည်း။
27:18 သူတို့သည် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုခံ၍၊ ပရောဖက်မှန်လျှင်၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသော တန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူ၍မသွားရမည်အကြောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား တောင်းပန်ကြလော့။
27:19 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယုဒရှင်ဘုရင်ယောယကိမ်သား ယေခေါနိအစရှိသော ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော် အပေါင်းတို့ကို၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသောအခါ၊ ထိုရှင်ဘုရင်သည် မသိမ်းမယူ၊ ဗိမာန်တော်၌လည်းကောင်း၊ နန်းတော်၌လည်းကောင်း၊ ယေရုရှလင်မြို့၌လည်းကောင်း ကျန်ကြွင်းသေးသောတိုင်၊ ရေကန်၊ ရေကန်အခြေအမြစ်များ၊ ကျန်ကြွင်းသေးသောတန်ဆာများတို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
27:22 ထိုတန်ဆာတို့ကို ဗာဗုလုန်မြို့သို့ ယူသွားရလိမ့်မည်။ ငါအကြည့်အရှု မကြွလာမီတိုင်အောင်၊ ထိုမြို့၌ ရှိနေရကြလိမ့်မည်။ ငါကြွလာသောအခါ၊ ထိုတန်ဆာတို့ကို ငါဆောင်ခဲ့၍၊ ဤအရပ်၌ ပြန်ထားမည်ဟု မိန့်တော်မူ၏။