Jeremiah 28
28:1 ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိ နန်းစံစတုတ္ထနှစ်၊ ပဉ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇုရသားဟာနနိက၊
28:2 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်။
28:3 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသော ဗိမာန်တော်တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။
28:4 ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ထမ်းပိုးကို ငါချိုးမည်ဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များ၊ လူများအပေါင်းတို့ရှေ့မှာ ငါ့အားပြောဆို၏။
28:5 ထိုအခါ ပရောဖက်ယေရမိသည် ဗိမာန်တော်၌ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊
28:6 အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန်မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရဘုရားသည် တစ်ဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသောစကား မှန်ကြောင်းကို ပြတော်မူပါစေသော။
28:7 သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသောစကားကို နားထောင်လော့။
28:8 ငါတို့မဖြစ်မီ ရှေးကာလ၌ဖြစ်ဖူးသော ပရောဖက်တို့သည်၊ များပြားသောပြည်၊ အားကြီးသော တိုင်းနိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေးရောက်မည်အကြောင်း၊ ကာလနာပေါမည်အကြောင်းတို့ကို ဟောပြောတတ်ကြ၏။
28:9 ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။
28:10 ထိုအခါ ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိလည်ပင်းမှ ထမ်းပိုးကိုယူ၍ ချိုးလျက်၊
28:11 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာတင်သောထမ်းပိုးကို နှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်းတို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။
28:12 ပရောဖက်ဟာနနိသည် ပရောဖက်ယေရမိ၏လည်ပင်းမှ ထမ်းပိုးကို ချိုးပယ်သောနောက်၊ တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာသည်ကား၊
28:13 သင်သွား၍ ထာဝရဘုရား၏အမိန့်တော်ကို ဟာနနိအားဆင့်ဆိုရမည်မှာ၊ သင်ချိုးသောသစ်သားထမ်းပိုးအစား၊ သံထမ်းပိုးကို လုပ်ရမည်။
28:14 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏အစေကိုခံစေခြင်းငှာ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းပိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏အစေကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ငါအပ်ပေးပြီဟု မိန့်တော်မူ၏။
28:15 ပရောဖက်ယေရမိကလည်း၊ ဟာနနိ၊ နားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မမူ။ ဤလူမျိုးသည် မုသား၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။
28:16 ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ထာဝရဘုရားကိုပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည်သေရမည်ဟု ပရောဖက်ဟာနနိအားပြောဆို၏။
28:17 ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင်၊ သတ္တမလ၌သေလေ၏။