Jeremiah 29
29:1 ရှင်ဘုရင်ယေခေါနိနှင့်တကွ မိဖုရားအစရှိသော မိန်းမစိုးများ၊ ယုဒပြည် ယေရုရှလင်မြို့ မှူးတော်မတ်တော်များ၊ လက်သမား၊ ပန်းပဲသမားများတို့သည် ယေရုရှလင်မြို့မှ သွားသောနောက်၊
29:2 ယုဒရှင်ဘုရင် ဇေဒကိသည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာထံ၊ ဗာဗုလုန်မြို့သို့ စေလွှတ်သော ရှာဖန်သားဧလာသာနှင့် ဟိလခိသား ဂေမရိတွင်၊ ပရောဖက်ယေရမိသည်စာရေး၍ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ နေဗုခဒ်နေဇာ သိမ်းသွားခြင်းကို ခံရသော အသက်ကြီးသူ၊
29:3 ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ဆင်းရဲသား ကျန်ကြွင်းသမျှတို့နေရာသို့ ယေရုရှလင်မြို့မှ ပေးလိုက်သောစာဟူမူကား၊
29:4 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ သိမ်းသွားစေတော်မူသော သူအပေါင်းတို့အားမိန့်တော်မူသည်ကား၊
29:5 အိမ်တို့ကိုဆောက်၍ နေရာချကြလော့။
29:6 ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။
29:7 ငါသည် သင်တို့ကို သိမ်းသွားစေသော မြို့သည်လည်း၊ ငြိမ်သက်ခြင်းရှိမည်အကြောင်းကို ပြုစု၍၊ ထိုမြို့အဖို့အလိုငှာ၊ ထာဝရဘုရားအား မေတ္တာပို့ကြလော့။ ထိုမြို့၏ငြိမ်သက်ခြင်းအားဖြင့်၊ သင်တို့သည်လည်း ငြိမ်သက်ခြင်း ရှိကြလိမ့်မည်။
29:8 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့တွင်ရှိသော ပရောဖက်ဆရာ၊ အနာဂတ်ဆရာတို့သည် သင်တို့ကို မလှည့်စားကြစေနှင့်။ သင်တို့မြင်စေသော အိပ်မက်တို့ကိုလည်း မယုံမမှတ်ကြနှင့်။
29:9 တစ်ဖန် မိန့်တော်မူသည်ကား၊ ထိုဆရာတို့သည် ငါစေလွှတ်သောသူ မဟုတ်ဘဲ၊ ငါ့နာမကို အမှီပြု၍ မုသားစကားကို ဟောပြောတတ်ကြ၏။
29:10 တစ်ဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ကတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။
29:11 တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။
29:12 တစ်ဖန် မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။
29:13 ငါ့ကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့် ရှာလျှင် တွေ့ကြလိမ့်မည်။
29:14 ငါသည်လည်း၊ သင်တို့အတွေ့ကိုခံမည်။ အထက်က ငါနှင်ထုတ်၍ သင်တို့ခံရသော သိမ်းသွားခြင်းအမှုကို ငါသည်ဖြေရှင်းခြင်းငှာ၊ တိုင်းနိုင်ငံအရပ်ရပ်တို့မှ သင်တို့ကို ငါစုသိမ်းပြီးလျှင်၊ အထက်က ငါနှင်ထုတ်၍ သင်တို့ရှုံးသောပြည်သို့ တစ်ဖန် ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
29:15 ထာဝရဘုရားသည် ငါတို့အဖို့ပရောဖက်များကို ဗာဗုလုန်မြို့၌ ပေါ်ထွန်းစေတော်မူပြီဟု သင်တို့ ဆိုကြသည်ဖြစ်၍၊
29:16 ဒါဝိဒ်၏ရာဇပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်မှစ၍၊ ဤမြို့၌ နေသောသူ အပေါင်းတည်းဟူသော၊ သင်တို့နှင့်အတူ သိမ်းသွားခြင်းကို မခံရသော သင်တို့ညီအစ်ကိုများကိုရည်မှတ်၍၊
29:17 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့အပေါ်မှာ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ကို ငါစေလွှတ်မည်။ မစားနိုင်အောင် အလွန်ညံ့သောသင်္ဘောသဖန်းသီးကဲ့သို့ ငါဖြစ်စေမည်။
29:18 သူတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏နှောင့်ယှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
29:19 အကြောင်းမူကား၊ ငါသည်စောစောထ၍၊ အထပ်ထပ်မှာထားစေလွှတ်သော ငါ၏ကျွန်ပရောဖက်တို့၏စကားကို သူတို့သည် နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။
29:20 ထိုကြောင့် သိမ်းသွားခြင်းကိုခံရ၍၊ ယေရုရှလင်မြို့မှ ဗာဗုလုန်မြို့သို့ ငါစေလွှတ်သောသူအပေါင်းတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့ဟု မိန့်တော်မူ၏။
29:21 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏နာမကိုအမှီပြု၍ သင်တို့အား မုသားစကားကို ဟောပြောသော၊ ကောလာယသား အာဟပ်နှင့် မာသေယသား ဇေဒကိတို့ကို ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာလက်သို့ ငါအပ်၍၊ ထိုမင်းသည် သူတို့ကို သင်တို့မျက်မှောက်၌ သတ်လိမ့်မည်။
29:22 ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒအမျိုးသားအပေါင်းတို့က၊ ဗာဗုလုန်ရှင်ဘုရင်သည် မီးရှို့သောဇေဒကိနှင့် အာဟပ်ကဲ့သို့၊ ထာဝရဘုရားသည် သင့်ကိုဖြစ်စေတော်မူပါစေဟု ထိုသူတို့ကို ပုံဆောင်၍ ကျိန်ဆဲကြလိမ့်မည်။
29:23 အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ အဓမ္မအမှုကို ပြုကြပြီ။ သူ့မယားတို့ကို ပြစ်မှားကြပြီ။ ငါမမှာထားဘဲ၊ ငါ၏နာမကို အမှီပြု၍ မုသားစကားကို ဟောပြောကြပြီ။ ငါသိသည်အတိုင်း သက်သေဖြစ်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
29:24 နဟေလံရွာသား ရှေမာယကိုလည်း ပြောရမည်မှာ
29:25 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ငါ၏နာမကိုအမှီပြု၍၊ ယဇ်ပုရောဟိတ်မာသေယသား ဇေဖနိအစရှိသော ယဇ်ပုရောဟိတ်များတို့နှင့် ယေရုရှလင်မြို့သားရှိသမျှတို့ကို စာပေးလိုက်၍၊
29:26 သင်သည် ဗိမာန်တော်၌ လူစောင့်ကိုခန့်ထားသဖြင့်၊ ပရောဖက်လုပ်သောအရူးရှိသမျှကို ထောင်ထဲမှာလှောင်၍ ထိတ်ခတ်စေခြင်းငှာ၊ ထာဝရဘုရားသည် ယဇ်ပုရောဟိတ်ယောယဒ၏ကိုယ်စား သင့်ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားတော်မူ၏။
29:27 သို့ဖြစ်၍၊ သင်တို့တွင် ပရောဖက်လုပ်သော အာနသုတ်ရွာသားယေရမိကို အဘယ်ကြောင့် မဆုံးမသနည်း။
29:28 သူကလည်း၊ ဤအမှု ကြာလိမ့်မည်။ အိမ်တို့ကိုဆောက်၍ နေရာချကြလော့။ ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့ဟု၊ ဗာဗုလုန်မြို့၌နေသော ငါတို့ကိုမှာလိုက်ပါပြီတကားဟု၊
29:29 ရှေမာယပေးလိုက်သောစာကို ယဇ်ပုရောဟိတ်ဇေဖနိသည် ပရောဖက်ယေရမိရှေ့မှာ ဖတ်လေ၏။
29:30 ထိုအခါ နဟေလံရွာသား ရှေမာယကိုရည်မှတ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါမစေလွှတ်ဘဲ ရှေမာယသည် သင်တို့အား ပရောဖက်ပြု၍ မုသား၌ခိုလှုံစေသောကြောင့်၊
29:31 ထာဝရဘုရားမိန့်တော်မူသည်ကား၊ နဟေလံရွာသားရှေမာယနှင့် သူ၏အမျိုးကို ငါသည်ဒဏ်ပေးမည်။ ဤအမျိုးသားတို့တွင်၊ သူ၏ လူတစ်ယောက်မျှ နေရသောအခွင့် မရှိရ။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူသည် ထာဝရဘုရားကို ပုန်ကန်စေခြင်းငှာ သွန်သင်သောကြောင့်၊ ငါ၏လူမျိုး၌ ငါပြုလတ္တံ့သော ကျေးဇူးကို သူသည်မမြင်ရဟု၊ သိမ်းသွားခြင်းကို ခံရသောသူအပေါင်းတို့ကို စာပေးလိုက်ရမည်အကြောင်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍ မှာထားတော်မူ၏။