Jeremiah 30
30:1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
30:2 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။
30:3 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကိုခံရသော ငါ၏လူ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေးသောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
30:4 ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရားမိန့်တော်မူသောစကားဟူမူကား၊
30:5 ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံ့ဖွယ်သော အကြောင်းသာ ရှိ၏။
30:6 ယောက်ျားသည် သားဖွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဖွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသောသူတို့သည် မျက်နှာပျက်လျက် ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
30:7 အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက်ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက်သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။
30:8 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းပိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် နောက်တစ်ဖန် သူတို့ကို မစေစားရကြ။
30:9 သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏အမှုကိုလည်းကောင်း၊ သူတို့အဖို့ ငါပေါ်ထွန်းစေလတ္တံ့သော ရှင်ဘုရင်ဒါဝိဒ်၏ အမှုကိုလည်းကောင်း ဆောင်ရွက်ရကြမည်။
30:10 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အို ငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှလည်းကောင်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှလည်းကောင်း၊ ငါနုတ်ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ခြောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
30:11 တစ်ဖန် မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင်ခြင်းငှာ သင်နှင့်အတူငါရှိ၏။ ငါသည် သင့်ကို ငါကွဲပြားစေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန်ဆုံးမမည်။
30:12 ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင့်အနာသည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ၏။
30:13 သင့်အနာကိုစည်းအံ့သောငှာ အဘယ်သူမျှ သင့်အမှုကိုမစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
30:14 သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့၍ မမေးမရှာဘဲ နေကြ၏။ သင့်အပြစ်သည်ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူပေးတတ်သောအနာနှင့် သင့်ကို ငါနာစေပြီ။ ကြမ်းတမ်းသောသူ ပေးတတ်သောဒဏ်ကို ငါပေးပြီ။
30:15 သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသောဒုစရိုက် များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။
30:16 သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်းတို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။
30:17 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတစ်ပါးတို့က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသောသူဟူ၍လည်းကောင်း၊ အဘယ်သူမျှ မကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍လည်းကောင်းခေါ်သော်လည်း၊ သင်၏အနာရောဂါများကိုငါပျောက်စေ၍၊ ကျန်းမာပကတိ ဖြစ်စေမည်။
30:18 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကိုသနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တစ်ဖန်တည်လျက်ရှိလိမ့်မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်း နေကြလိမ့်မည်။
30:19 ထိုသူတို့အထဲက ကျေးဇူးကိုချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသောသူတို့၏အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။
30:20 အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ်တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။
30:21 သူတို့၏မင်းသည် သူတို့အမျိုး ဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသောသူသည် သူတို့ကို အုပ်စိုးရလိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ်ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ်လိုသောငှာ၊ အဘယ်သူသည် မိမိစိတ်ကိုတန်းစေသနည်း။
30:22 ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
30:23 ထာဝရဘုရား၏ လေပွေတော်သည် ပူသောအရှိန်နှင့် ထွက်၏။ ပြင်းစွာသောလေပွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာတိုက်လိမ့်မည်။
30:24 ထာဝရဘုရားသည် လက်စသတ်၍၊ အကြံအစည်တော်ကို ပြည့်စုံစေတော်မမူမီ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။