Jeremiah 4
4:1 အို ဣသရေလအမျိုး၊ သင်သည် ပြန်လာလိုလျှင် ငါ့ထံသို့ပြန်လာပါ။ သင်၏ရွံရှာဖွယ်တို့ကို ပယ်လိုလျှင် ငါ့ထံမှမရွှေ့ရ။
4:2 သင်ကလည်း၊ ထာဝရဘုရားအသက်ရှင်တော်မူသည်ဟု သစ္စာစောင့်ခြင်း၊ တရားစီရင်ခြင်း၊ ဖြောင့်မတ်ခြင်းအားဖြင့် ကျိန်ဆိုလိမ့်မည်။ လူအမျိုးမျိုးတို့သည်လည်း၊ ထိုဘုရားသခင်အားဖြင့် မိမိတို့ကိုကောင်းချီးပေး၍၊ ထိုဘုရားသခင်ကို အမှီပြုလျက် ဝါကြွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
4:3 ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင်မြို့သားတို့အား မိန့်တော်မူသည်ကား၊ သင်တို့၏လယ်ကို ထွန်ကြလော့။ ဆူးပင်တို့တွင် မျိုးစေ့ကို မကြဲကြနှင့်။
4:4 အို ယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ ထာဝရဘုရားအဖို့အလိုငှာ အရေဖျားလှီးမင်္ဂလာကိုခံ၍၊ သင်တို့နှလုံးအရေဖျားကို လှီးဖယ်ကြလော့။ သို့မဟုတ်၊ သင်တို့၏အကျင့် မကောင်းသောကြောင့်၊ ငါ့အမျက်သည် မီးကဲ့သို့ထွက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် လောင်လိမ့်မည်။
4:5 ယုဒပြည်၌ တံပိုးမှုတ်ကြလော့ဟု၊ ယေရုရှလင်မြို့မှစ၍ တစ်ပြည်လုံးကြွေးကြော်၍ သတင်းကြားကြလော့။ စည်းဝေး၍ ခိုင်ခံ့သောမြို့များ အတွင်းသို့ ဝင်ကြကုန်အံ့ဟု အရပ်ရပ်၌ အနှံ့အပြား ကြွေးကြော်ကြလော့။
4:6 ဇိအုန်တောင်ပေါ်မှာ အလံကိုထူကြလော့။ လွတ်အောင်ပြေးကြလော့။ ရပ်၍ မနေကြနှင့်။ အကြောင်းမူကား၊ ကြီးစွာသောပျက်စီးခြင်း ဘေးဥပဒ်ကို မြောက်မျက်နှာမှ ငါသည်ဆောင်ခဲ့မည်။
4:7 ခြင်္သေ့သည် မိမိနေရာခြုံထဲက ထွက်လာပြီ။ တိုင်းနိုင်ငံတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာဆဲရှိ၏။ သင်၏ပြည်ကို လူဆိတ်ညံရာအရပ် ဖြစ်စေခြင်းငှာ၊ သူသည် မိမိနေရာမှ ထွက်လာသည်ဖြစ်၍၊ သင်၏မြို့တို့သည် လူမနေနိုင်အောင်ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။
4:8 ထိုအကြောင်းကြောင့် လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ငိုကြွေးမြည်တမ်း၍ အော်ဟစ်ကြလော့။ အကြောင်းမူကား၊ ထာဝရဘုရား၏ ပြင်းစွာသော အမျက်တော်သည် ငါတို့မှလွှဲရှောင်၍မသွားသေး။
4:9 ထိုအခါ ရှင်ဘုရင်နှင့် မှူးမတ်တို့သည် စိတ်ပျက်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်တို့သည် မိန်းမောတွေဝေလျက်၊ ပရောဖက်တို့သည် ထိတ်လန့်လျက်ရှိကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4:10 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သန်လျက်သည် အသက်ကိုထိသည်တိုင်အောင် ခွင်းသော်လည်း၊ သင်တို့သည် ငြိမ်သက်ခြင်း ရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသောအားဖြင့်၊ ဤလူများနှင့်တကွ ယေရုရှလင်မြို့သားတို့ကို အလွန်လှည့်စားတော်မူပါပြီ တကားဟု လျှောက်ဆို၏။
4:11 ထိုကာလ၌ ဤလူများနှင့် ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ ဆိုရမည်ကား၊ ပူသောလေသည် တော၌ မြင့်သောအရပ်က ငါ၏လူမျိုးသတို့သမီးထံသို့ လာလိမ့်မည်။ အမှော်လွင့်စေခြင်း၊ သန့်ရှင်းစေခြင်းငှာ လာသောလေမဟုတ်။
4:12 ထိုလေထက်ပြင်းသော လေသည် ငါ့အလိုကို ပြည့်စုံစေခြင်းငှာ လာလိမ့်မည်။ ယခုပင် သူတို့ကို ငါ့ကိုယ်တိုင် စစ်ကြောစီရင်မည်။
4:13 လာသောမင်းသည် မိုးတိမ်ကဲ့သို့ လာလိမ့်မည်။ သူ၏ရထားတို့သည် လေပွေကဲ့သို့ဖြစ်ကြ၏။ သူ၏မြင်းတို့သည် ရွှေလင်းတထက် သာ၍ လျင်မြန်ကြ၏။ ငါတို့သည် အမင်္ဂလာရှိကြ၏။ ပျက်စီးခြင်းသို့ ရောက်ကြပြီ။
4:14 အို ယေရုရှလင်မြို့၊ သင်သည် ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ၊ သင်၏စိတ်နှလုံးကို ဒုစရိုက်အပြစ်နှင့် ကင်းစင်စေလော့။ သင်၏ အဓမ္မအကြံအစည်တို့သည် အဘယ်မျှကာလပတ်လုံး သင်၏အထဲ၌ တည်နေရမည်နည်း။
4:15 ဒန်ပြည်၌ အသံကို ကြားရ၏။ ဧဖရိမ်တောင်ပေါ်မှာ ဒုက္ခသတင်းကို ဟစ်ကြော်ကြ၏။
4:16 အပြည်ပြည်တို့၌ သတင်းကြားကြလော့။ ယေရုရှလင်မြို့ကိုရည်မှတ်၍ ကြွေးကြော်ကြလော့။ ကင်းစောင့်တို့သည် ဝေးသောပြည်က လာ၍၊ ယုဒမြို့များတစ်ဖက်၌ ထူးကြလိမ့်မည်။
4:17 လယ်ကိုစောင့်သောသူများကဲ့သို့၊ ထိုသူတို့သည် ယုဒပြည်ကို ဝန်းရံကြ၏။ အကြောင်းမူကား၊ ထိုပြည်သည် ငါ့ကိုပုန်ကန်ပြီ။
4:18 သင်လိုက်သောထုံးစံနှင့် သင်ကျင့်သော အကျင့်တို့သည် သင့်အပေါ်မှာ ဤအမှုကို သက်ရောက်စေပြီ။ သင်သည် ထိုသို့သောအမှုနှင့်တွေ့၍ ခါးစပ်သောစိတ်၊ နာကြည်းသောစိတ်ရှိရာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။
4:19 ငါ့အသည်းသည်နာ၏။ ငါ့အသည်းသည် နာ၏။ ငါ့နှလုံးအရေဖျားလည်း နာ၏။ ငါ့အထဲ၌ ငါ့နှလုံးပူဆွေး၏။ ငါသည် တိတ်ဆိတ်စွာ မနေနိုင်။ အကြောင်းမူကား၊ အို ငါ့ဝိညာဉ်၊ သင်သည် တံပိုးမှုတ်သံနှင့် စစ်တိုက်သံကို ကြားရ၏။
4:20 ပျက်စီးပြီ၊ ပျက်စီးပြီဟု အထပ်ထပ်ဟစ်ကြော်ရ၏။ တစ်ပြည်လုံး ပျက်စီးပြီ။ ငါ၏တဲတို့သည် ခဏချင်းတွင် ပျက်စီးကြပြီ။ ငါ၏ ကုလားကာတို့သည် ချက်ချင်းပျက်စီးကြပြီ။
4:21 ငါသည် အဘယ်မျှကာလပတ်လုံး အလံကိုမြင်ရအံ့နည်း။ အဘယ်မျှကာလပတ်လုံး တံပိုးသံကို ကြားရအံ့နည်း။
4:22 အကယ်စင်စစ် ငါ၏လူတို့သည် ထိုင်းမှိုင်း၍ ငါ့ကိုမသိကြ။ မိုက်သောသူငယ်ဖြစ်၍ ဉာဏ်မရှိကြ။ မကောင်းသောအမှုတို့၌ လိမ္မာကြ၏။ ကောင်းသောအမှုတို့ကို မပြုတတ်ကြ။
4:23 ငါသည် မြေကြီးကိုကြည့်ရှု၍ လွတ်လပ်လဟာဖြစ်၏။ မိုးကောင်းကင်ကိုလည်း ငါကြည့်ရှု၍ အလင်းမရှိ။
4:24 တောင်တို့ကိုလည်း ငါကြည့်ရှု၍၊ သူတို့နှင့်တကွ ကုန်းရှိသမျှတို့သည် တုန်လှုပ်လျက်နေကြ၏။
4:25 ငါကြည့်ရှု၍ လူမရှိ။ မိုးကောင်းကင်ငှက် အပေါင်းတို့သည် ပြေးကြပြီ။
4:26 ငါကြည့်ရှု၍ ဝပြောသောပြည်သည် တောဖြစ်လေပြီ။ မြို့များတို့သည် ပြိုပျက်လျက် ရှိကြ၏။ ထာဝရဘုရားရှေ့၊ ပြင်းစွာသော အမျက်တော်ရှေ့၌ ထိုသို့သောအခြင်းအရာတို့သည် ဖြစ်ရကြ၏။
4:27 ထာဝရဘုရား မိန့်တော်မူသည်ကား၊ တစ်ပြည်လုံး ပျက်စီးရာဖြစ်လိမ့်မည်။ ပျက်စီးခြင်းကို ငါမဆီးတား၊
4:28 ထိုကြောင့်၊ မြေကြီးသည် ညည်းတွားလိမ့်မည်။ မိုးကောင်းကင်လည်း နက်လိမ့်မည်။ ငါသည်ပြောပြီးမှ နောင်တမရှိ။ ကြံပြီးမှ အကြံမပျက်ရ။
4:29 မြင်းစီးသူရဲနှင့် လေးကိုင်သူရဲတို့ ဟစ်သောအသံကြောင့်၊ မြို့သားအပေါင်းတို့သည် တောအုပ်သို့ ပြေးသွားကြ၏။ ကျောက်ပေါ်သို့ တက်ကြ၏။ မြို့ရှိသမျှတို့ကို စွန့်ပစ်၍နေသောသူ တစ်ယောက်မျှမရှိရ။
4:30 သင်သည် ပျက်စီးခြင်းသို့ရောက်သောအခါ အဘယ်သို့ ပြုလိမ့်မည်နည်း။ နီမောင်းသောအဝတ်ကို ဝတ်သော်လည်းကောင်း၊ ရွှေတန်ဆာကို ဆင်သော်လည်းကောင်း၊ သင်၏မျက်နှာစုတ်ပဲ့သည်တိုင်အောင် ဆေးသုတ်သော်လည်းကောင်း၊ သင်၏တင့်တယ်ခြင်းကို အချည်းနှီးပြ၏။ သင်၏ရည်းစားတို့သည် သင့်ကိုစွန့်၍၊ သင်၏အသက်ကို သတ်ခြင်းငှာ ရှာကြံကြ၏။
4:31 အကယ်စင်စစ် သားဖွားသောမိန်းမညည်းသံ၊ သားဦးဖွားသော မိန်းမ၏ဝေဒနာခံရာအသံကဲ့သို့၊ ဇိအုန်သတို့သမီး အော်ဟစ်သံကို ငါကြားရ၏။ ထိုသတို့သမီးက၊ အကျွန်ုပ်သည် အမင်္ဂလာရှိပါ၏။ လူသတ်များကြောင့်၊ အကျွန်ုပ်စိတ်ပျက်ပါ၏ဟု မိမိလက်ဝါးကိုဖြန့်၍ ငိုကြွေးလျက်နေ၏။