Jeremiah 31
31:1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
31:2 တစ်ဖန်မိန့်တော်မူသည်ကား၊ ဓားဘေးနှင့် လွတ်သောသူတို့သည် တော၌ကျေးဇူးကိုခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကိုချမ်းသာပေးမည်။
31:3 ထာဝရဘုရားသည် အဝေးကထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ ကြာမြင့်စွာပြ၏။
31:4 အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတစ်ဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တစ်ဖန်ပတ်သာနှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့်အတူ ကခုန်လျက်သွားလိမ့်မည်။
31:5 ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တစ်ဖန်စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
31:6 ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြလော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့ သွားကြကုန်အံ့ဟု ကြွေးကြော်ရသောအချိန်ကာလသည် ရောက်လိမ့်မည်။
31:7 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယာကုပ်အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကိုကယ်တင်တော်မူပြီဟု မြွက်ဆိုလျက် သတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
31:8 သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီးစွန်းမှစုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဖွားခြင်းဝေဒနာကိုခံရသောမိန်းမများလည်း ပါလျက်၊ ကြီးစွာသောအစည်းအဝေးတို့သည် ပြန်လာကြလိမ့်မည်။
31:9 ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်းပတ္ထနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာလျှောက်သောလမ်း၊ ထိမိ၍ မလဲရသောလမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏အဘဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏ သားဦးဖြစ်၏။
31:10 အို လူမျိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော်၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြားစေသောသူသည် တစ်ဖန် စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
31:11 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
31:12 ထိုကြောင့် အမျိုးသားတို့သည်လာ၍၊ ဇိအုန်တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရားပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ်ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကိုရအံ့သောငှာ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေလောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တစ်ဖန် ညှိုးငယ်ခြင်း မရှိရ။
31:13 ထိုအခါ သမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ ညည်းတွားခြင်းအရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
31:14 ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့် ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31:15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ်၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
31:16 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
31:17 သင်၏အဆုံး၌ မျှော်လင့်စရာအကြောင်းရှိ၏။ သင်၏သားတို့သည် နေရင်းပြည်သို့ ပြန်လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
31:18 ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမတော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ်ကို သွေးဆောင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင် ဖြစ်တော်မူ၏။
31:19 ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန်နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသောအပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရသဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက်ဆက်ကြားရပြီ။
31:20 ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ်ဖွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
31:21 လမ်း၌ မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အို ဣသရေလ သတို့သမီးကညာ၊ ပြန်လာလော့။ သင်၏နေရာ ဤမြို့များသို့ ပြန်လာလော့။
31:22 အို ဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံး လှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသောအမှုကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်းလိမ့်မည်။
31:23 ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ်ခြင်း နေရာအရပ်၊ အို သန့်ရှင်းခြင်းနေရာတောင်၊ ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူစေသတည်း ဟူသောစကားကို တစ်ဖန် သုံးကြလိမ့်မည်။
31:24 ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသောသူများ ပါလျက်၊ အတူနေရကြလိမ့်မည်။
31:25 ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေးမည်။ ညှိုးငယ်သောသူအပေါင်းတို့ကို ငါသက်သာစေမည်ဟု မိန့်တော်မူ၏။
31:26 ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
31:27 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန်မျိုးစေ့ကို ကြဲရသော အချိန်ကာလရောက်လိမ့်မည်။
31:28 ငါသည် သူတို့ကို နုတ်ပယ်ဖြိုချ မှောက်လှန်ဖျက်ဆီး ညှဉ်းဆဲခြင်းအမှုကို ပြုဖူးသည်နည်းတူ၊ တစ်ဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော်မူ၏။
31:29 ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ဟု မဆိုရကြ။
31:30 လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကိုခံရမည်။
31:31 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
31:32 ဤလူမျိုး၏ ဘိုးဘေးတို့ကိုလက်ဆွဲ၍ အဲဂုတ္တုပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလရောက်လိမ့်မည်။ အရင်ငါပေးဖူးသော ပဋိညာဉ်တရားကို သူတို့သည်ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
31:33 နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
31:34 ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကို တစ်ယောက် ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
31:35 နေ့အချိန်၌ လင်းစရာဖို့ နေကိုခန့်ထား၍၊ ညအချိန်၌ လင်းစရာဖို့ လနှင့်ကြယ်တို့ကို စီရင်တော်မူထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော်မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသောဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
31:36 ထိုတရားတို့သည် ငါ့ရှေ့မှာကွယ်ပျောက်လျှင်၊ ဣသရေလအမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ် ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
31:37 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုးကောင်းကင်ကို တိုင်းထွာနိုင်လျှင်လည်းကောင်း၊ မြေကြီးအောက်ဆုံး အမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်လည်းကောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
31:38 တစ်ဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှစ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဖို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
31:39 ဂါရက်တောင်ကိုလွန်၍ မျဉ်းကြိုးနှင့် တန်းချလိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
31:40 အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင်အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာချိုင့် တစ်လျှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင်ရှိသမျှတို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြလိမ့်မည်။ နောက်တစ်ဖန် နုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။