Jeremiah 32
32:1 နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ရှစ်နှစ်၊ ယုဒရှင်ဘုရင် ဇေဒကိ နန်းစံဆယ်နှစ်တွင်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၏။
32:2 ထိုအခါ ဗာဗုလုန်ရှင်ဘုရင်၏ စစ်သူရဲတို့သည် ယေရုရှလင်မြို့ကို ဝိုင်းထားကြပြီ။ ပရောဖက်ယေရမိသည် ယုဒရှင်ဘုရင်၏ နန်းတော်ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရ၏။
32:3 အကြောင်းမူကား၊ ယုဒရှင်ဘုရင်ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။
32:4 ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့လက်နှင့် မလွတ်၊ ဗာဗုလုန်ရှင်ဘုရင်လက်သို့ ဆက်ဆက်ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။
32:5 ဇေဒကိကိုလည်း ဗာဗုလုန်မြို့သို့ ဆောင်သွားလိမ့်မည်။ ငါအကြည့်အရှု မလာမီတိုင်အောင်၊ ထိုမြို့၌ နေရလိမ့်မည်။ သင်တို့သည် ခါလဒဲလူတို့ကို စစ်တိုက်၍ မနိုင်ရကြဟု ထာဝရဘုရားမိန့်တော်မူကြောင်းကို၊ သင်သည် အဘယ်ကြောင့် ပရောဖက်ပြု၍ ဟောသနည်းဟုဆို၍ ထောင်ထဲမှာလှောင်ထားသတည်း။
32:6 ထိုအခါ ယေရမိက၊ ငါ့ဆီသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
32:7 သင်၏ဘထွေး ရှလ္လုံသား ဟာနမေလသည် သင့်ထံသို့လာ၍၊ အာနသုတ်မြို့မှာရှိသော ကျွန်ုပ်လယ်ကို သင်သည် ရွေးပိုင်သောကြောင့်၊ ဝယ်ပါဟု ပြောဆိုလိမ့်မည်အကြောင်းကို ထာဝရဘုရား မိန့်တော်မူသည်နှင့်အညီ၊
32:8 ငါ့ဘထွေးသား ဟာနမေလသည် ငါရှိရာ ထောင်ဝင်းထဲသို့လာ၍၊ ဗင်္ယာမိန်ခရိုင်၊ အာနသုတ်မြို့၌ရှိသော ကျွန်ုပ်လယ်ကို ဝယ်ပါလော့။ သင်သည် အမွေခံပိုင်သောအခွင့်နှင့် ရွေးပိုင်သောအခွင့်ရှိသည်ဖြစ်၍၊ ကိုယ်အဖို့ဝယ်ပါဟု ငါ့အားပြောဆို၏။ ထိုအခါ ထာဝရဘုရား စီရင်တော်မူသော အမှုဖြစ်ကြောင်းကို ငါသိသောကြောင့်၊
32:9 အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေ တစ်ဆယ်ခုနစ်ကျပ် ကို ချိန်ပေးလေ၏။
32:10 စာချုပ်ကိုလည်း စီရင်၍ တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကို ချိန်ခွင်နှင့်ချိန်ပေး၏။
32:11 ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သောစာချုပ်တစ်စောင်နှင့် ဖွင့်ထားသော လက်ခံတစ်စောင်ကို ယူ၍၊
32:12 ဘထွေးသား ဟာနမေလ အစရှိသော၊ စာချုပ်၌ အမည်ပါသော သက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသော ယုဒလူများအပေါင်းတို့ရှေ့တွင်၊ မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌ အပ်လျက်၊
32:13 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
32:14 တံဆိပ်ခတ်သော ဤစာချုပ်တစ်စောင်နှင့် ဖွင့်ထားသော ဤလက်ခံတစ်စောင်ကိုယူ၍၊ ကာလကြာမြင့်စွာ တည်နေစေခြင်းငှာ မြေအိုး၌ထားလော့။
32:15 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤပြည်၌အိမ်၊ လယ်ယာ၊ စပျစ်ဥယျာဉ်တို့ကို ပိုင်ရကြလေဦးမည်ဟု မိန့်တော်မူကြောင်းကို ပြန်ပြောသဖြင့်၊ ထိုသူတို့ရှေ့မှာ ဗာရုတ်ကိုမှာထားလေ၏။
32:16 ထိုသို့ နေရိသားဗာရုတ်၌ စာချုပ်ကိုအပ်ပြီးမှ၊ ထာဝရဘုရားအား ငါဆုတောင်းသော ပတ္ထနာစကားဟူမူကား၊
32:17 အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သည် မဟာတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်၍၊ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ကိုယ်တော် မတတ်နိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိပါ။
32:18 ကိုယ်တော်သည် လူအထောင်အသောင်းတို့အား ကရုဏာကျေးဇူးပြုလျက်၊ အဘတို့၏အပြစ်ကို နောက်ဖြစ်သောသားတို့၏ ခေါင်းပေါ်သို့ သက်ရောက်စေတော်မူ၏။ အလွန်ကြီးမြတ်သောဘုရား၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူသော ဘွဲ့နာမရှိတော်မူ၏။
32:19 ထူးဆန်းသောအကြံကို ကြံ၍၊ ထူးဆန်းသောအမှုကို စီရင်တော်မူလျက်၊ လူအသီးအသီးတို့ ကျင့်ကြံပြုမူသည်အတိုင်း အကျိုးအပြစ်ကို ပေးခြင်းငှာ၊ လူသားများ သွားလာသော လမ်းအလုံးစုံတို့ကို အစဉ်ကြည့်ရှုလျက်နေတော်မူ၏။
32:20 အဲဂုတ္တုပြည်၊ ဣသရေလပြည် အစရှိသော လူအမျိုးမျိုးတို့၌ နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကို ယနေ့တိုင်အောင် ပြတော်မူသဖြင့်၊ ယခုကဲ့သို့ အစဉ်ကျော်စောသောသတင်း ရှိတော်မူ၏။
32:21 နိမိတ်လက္ခဏာ အံ့ဖွယ်သောအမှုတို့ကို ပြလျက်၊ အားကြီးသောလက်၊ ဆန့်တော်မူသော လက်ရုံး၊ အလွန်ကြောက်မက်ဖွယ်သော အခြင်းအရာနှင့်တကွ၊ ကိုယ်တော်၏ ဣသရေလလူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၍၊
32:22 ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးသနားတော်မူသဖြင့်၊
32:23 သူတို့သည် ဝင်၍ သိမ်းယူကြသော်လည်း၊ အမိန့်တော်ကို နားမထောင်၊ တရားတော်လမ်းသို့ မလိုက်၊ မှာထားတော်မူသော အကျင့်တစ်စုံတစ်ခုကိုမျှ မကျင့်ဘဲနေသောကြောင့်၊ ယခုခံရသမျှသော ဘေးဥပဒ်တို့ကို သူတို့အပေါ်သို့ ရောက်စေတော်မူပြီ။
32:24 ပြအိုးမြေရိုးတို့ကို ကြည့်ရှုတော်မူပါ။ မြို့တော်ကို တိုက်ယူခြင်းငှာ ရောက်ကြပါပြီ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် တိုက်သော ခါလဒဲလူတို့လက်သို့ မြို့တော်ကို အပ်တော်မူပြီ။ မိန့်တော်မူသော စကားပြည့်စုံကြောင်းကိုလည်း ကိုယ်တော်တိုင် မြင်တော်မူ၏။
32:25 ထိုမြို့တော်သည် ခါလဒဲလူတို့လက်သို့ရောက်သော်လည်း၊ အို အရှင်ထာဝရဘုရား၊ ထိုလယ်ကို ငွေနှင့်ဝယ်၍၊ သက်သေတို့ကို ခေါ်ထားရမည်အကြောင်း မိန့်တော်မူပါပြီတကားဟု လျှောက်လေ၏။
32:26 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
32:27 ငါထာဝရဘုရားသည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သောအရာ တစ်စုံတစ်ခုရှိလိမ့်မည်လော။
32:28 သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့လည်းကောင်း၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လက်သို့လည်းကောင်းငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။
32:29 ဤမြို့ကိုတိုက်သော ခါလဒဲလူတို့သည် ဝင်၍ မီးရှို့ကြလိမ့်မည်။ ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ ဗာလဘုရားအဖို့ အိမ်မိုးပေါ်မှာ နံ့သာပေါင်းကိုမီးရှို့၍၊ အခြားတစ်ပါးသော ဘုရားတို့အဖို့ သွန်းလောင်းရာ ပူဇော်သကာကိုပြုရာ အိမ်များနှင့်တကွ၊ တစ်မြို့လုံးကို မီးလောင်စေကြလိမ့်မည်။
32:30 အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သောအရွယ်မှစ၍ ငါ့ရှေ့မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာသာ ပြုကြပြီ။
32:31 ဣသရေလအမျိုးနှင့် ယုဒအမျိုး၏
32:32 ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယုဒပြည်သူ ယေရုရှလင်မြို့သားတို့သည် ငါ့အမျက်ကို နှိုးဆော်ခြင်းငှာ ပြုလေသမျှသော ဒုစရိုက်ကြောင့်၊ ဤမြို့ကို ငါ့ထံမှ ငါပယ်ရှားမည်အကြောင်း၊ မြို့တည်သော နေ့မှစ၍ ယနေ့တိုင်အောင်၊ ငါ့အမျက်ထွက်၍၊ အမျက်အရှိန်အားကြီးစေသော မြို့ဖြစ်၏။
32:33 သူတို့သည် ငါ့ကိုမျက်နှာမပြုဘဲ ကျောခိုင်းကြပြီ။ ငါသည် စောစောထ၍ အထပ်ထပ်ဆုံးမသွန်သင်သော်လည်း၊ ငါ၏ဩဝါဒကို ခံလိုသောငှာ နားမထောင်ကြ။
32:34 ငါ၏နာမဖြင့် သမုတ်သောဗိမာန်ကို ညစ်ညူးစေခြင်းငှာ၊ စက်ဆုပ်ရွံရှာဖွယ်သော အရာတို့ကို သွင်းထားကြပြီတကား၊
32:35 သူတို့သားသမီးတို့ကို မောလုပ်ဘုရားအားပူဇော်ခြင်းငှာ၊ ဟိန္နုံသား၏ချိုင့်၌ရှိသော ဗာလဘုရား၏ကုန်းတို့ကို တည်လုပ်ကြပြီ။ ယုဒအမျိုးအပေါ်သို့ အပြစ်ရောက်စေခြင်းငှာ၊ ထိုမျှလောက် စက်ဆုပ်ရွံရှာဖွယ်သော အမှုကို ငါမမှာထား၊ ငါအလျှင်းအလိုမရှိဘဲ ပြုကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
32:36 သို့ရာတွင်၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးအားဖြင့် ဗာဗုလုန်ရှင်ဘုရင်လက်သို့ ရောက်မည်ဟု သင်တို့ဆိုတတ်သော ဤမြို့ကိုရည်မှတ်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
32:37 ငါသည် အမျက်ဟုန်းဟုန်းထွက်၍၊ အမျက်အရှိန်အားကြီးသည်နှင့်၊ သူတို့ကိုနှင်ထုတ်ရာ တိုင်းပြည်ရှိသမျှတို့မှ၊ တစ်ဖန်စုသိမ်း၍ ဤအရပ်သို့ ဆောင်ခဲ့ပြီးလျှင်၊ ငြိမ်ဝပ်စွာနေစေမည်။
32:38 သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင် ဖြစ်မည်။
32:39 ကိုယ်အကျိုးအလိုငှာလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော သားသမီးတို့၏ အကျိုးအလိုငှာလည်းကောင်း၊ ငါ့ကို အစဉ် ကြောက်ရွံ့စေခြင်းငှာ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်။
32:40 သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ၊ သူတို့၌ ထာဝရပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည်အကြောင်း၊ ငါ့ကို ကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေမည်။
32:41 သူတို့အား ကျေးဇူးပြုခြင်းအမှု၌ ငါသည် အားရဝမ်းမြောက်၍၊ ငါ့စိတ်နှလုံးနှင့် နာမ်ဝိညာဉ် အကြွင်းမဲ့ပါလျက်၊ သူတို့ကို ဤပြည်၌ ဆက်ဆက်နေရာချမည်။
32:42 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးအပေါ်မှာ ကြီးစွာသော ဤဘေးဥပဒ်အပေါင်းကို ရောက်စေသည်နည်းတူ၊ ငါကတိထားသော ကောင်းကျိုးအပေါင်းကိုလည်း ငါရောက်စေမည်။
32:43 လူမရှိ၊ တိရစ္ဆာန်မရှိ ဆိတ်ညံပြီ၊ ခါလဒဲလူတို့လက်သို့ ရောက်လေပြီဟု သင်တို့ဆိုတတ်သော ဤပြည်၌၊ နောက်တစ်ဖန် လယ်ယာတို့ကို ရောင်းဝယ်ကြလိမ့်မည်။
32:44 ဗင်္ယာမိန်ပြည်၌လည်းကောင်း၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်တို့၌လည်းကောင်း၊ ယုဒပြည်တွင်ရှိသော မြို့တို့၌လည်းကောင်း၊ တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့တို့၌လည်းကောင်း၊ လူတို့သည် လယ်ယာတို့ကို ငွေနှင့်ဝယ်ခြင်း၊ စာချုပ်ကိုစီရင်ခြင်း၊ တံဆိပ်ခတ်ခြင်း၊ သက်သေတို့ကိုခေါ်ထားခြင်း အမှုများကိုပြုမြဲပြုကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံရသောသူတို့ကို တစ်ဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။