Jeremiah 33
33:1 ယေရမိသည် ထောင်ဝင်းထဲမှာ အချုပ်ခံလျက်နေရသောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ရောက်လာ၍၊
33:2 ဤအမှုကို ပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါ အမည်ရှိသော ထာဝရဘုရား မိန့်တော်မူသည်ကား၊
33:3 ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာတို့ကို ငါပြမည်။
33:4 ပြအိုးမြေရိုးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း ပြိုပျက်သော ဤမြို့၏အိမ်များ၊ ယုဒရှင်ဘုရင်၏ ဘုံဗိမာန်များကို ရည်မှတ်၍၊ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊
33:5 ခါလဒဲလူတို့သည် စစ်တိုက်ခြင်းငှာ လာကြ၏။ ငါသည် ပြင်းစွာ အမျက်ထွက်၍ ကွပ်မျက်သောသူတို့၏ အသေကောင်များနှင့် ထိုအိမ်များကို ပြည့်စေခြင်းငှာ လာကြ၏။ ထိုသူတို့၏ဒုစရိုက်များကြောင့်၊ ဤမြို့မှ ငါသည်မျက်နှာကိုလွှဲပြီ။
33:6 သို့ရာတွင်၊ ငါသည် ဤမြို့၏အနာကိုဆေးအုံ၍ ပျောက်စေမည်။ မြို့သားတို့သည် ကျန်းမာမည်အကြောင်း၊ မြဲသောစည်းစိမ်ချမ်းသာနှင့် ပြည့်စုံမည်အကြောင်းကို ငါပြမည်။
33:7 သိမ်းသွားခြင်းကို ခံရသောယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့ကို တစ်ဖန်ငါဆောင်ခဲ့၍ အရင်ကဲ့သို့ တည်ဆောက်မည်။
33:8 သူတို့သည် ငါ့ကိုပြစ်မှားသမျှသောအပြစ်တို့ကို ငါဖြေရှင်းမည်။ ငါ့ကိုပြစ်မှား၍ ငါ၏တရားကို လွန်ကျူးသမျှသောအပြစ်တို့ကို ငါလွှတ်မည်။
33:9 ဤမြို့သည် ငါဝမ်းမြောက်စရာအကြောင်း၊ မြေပေါ်မှ ခပ်သိမ်းသောလူမျိုးတို့တွင် ချီးမွမ်းစရာအကြောင်း၊ ဂုဏ်အသရေတော် ကျော်စောစရာအကြောင်း ဖြစ်လိမ့်မည်။ ဤမြို့သားတို့အား ငါပြုသမျှသောကျေးဇူးကို လူအမျိုးမျိုးတို့သည် ကြားသိကြလိမ့်မည်။ ဤမြို့၌ ငါပြုစုသမျှသော စည်းစိမ်ချမ်းသာကိုထောက်၍ ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။
33:10 ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံပြီဟု သင်တို့ဆိုတတ်သော ဤအရပ်၌လည်းကောင်း၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေသောသူမရှိ၊ ဆိတ်ညံသောယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌လည်းကောင်း၊
33:11 နောက်တစ်ဖန် ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာပူဇော်သကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်းသွားခြင်းကိုခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
33:12 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံသော ဤအရပ်တွင်၊ မြို့ရွာရှိသမျှတို့၌ သိုးစုကိုထိန်းသော သိုးထိန်းနေရာရှိလေဦးမည်။
33:13 တောင်ပေါ်မြို့၊ ချိုင့်ထဲမြို့၊ တောင်ဘက်မြို့၊ ဗင်္ယာမိန်ပြည်၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်အရပ်၊ ယုဒမြို့များတို့၌၊ သိုးစုကိုရေတွက်သော သူ၏လက်အောက်မှာ၊ သိုးစုတို့သည် တစ်ဖန်လျှောက်သွားကြလိမ့်မည်ဟု မိန့်တော်မူ၏။
33:14 တစ်ဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့၌ ငါထားသောကတိအတိုင်း ကျေးဇူးပြုရသော အချိန်ကာလသည် ရောက်လိမ့်မည်။
33:15 ထိုကာလအခါ သန့်ရှင်းသောအညွန့်ကို ဒါဝိဒ်အဖို့ ငါပေါက်စေ၍၊ သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
33:16 ထိုကာလ၌ ယုဒပြည်သည် ကယ်တင်ခြင်းသို့ ရောက်၍၊ ယေရုရှလင်မြို့သည်လည်း ငြိမ်ဝပ်ခြင်းရှိလိမ့်မည်။ ထိုမြို့သည် ယေဟောဝါဇေဒကနု ဟူသော ဘွဲ့နာမရှိလိမ့်သတည်း။
33:17 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဣသရေလနန်းတော်ပေါ်မှာ ထိုင်ရသော ဒါဝိဒ်မင်းရိုးမင်းစဉ်သည် အလျှင်းမပြတ်ရ။
33:18 ငါ့ရှေ့မှာ မီးရှို့ရာယဇ်ကို ပူဇော်လျက်၊ ဘောဇဉ်ပူဇော်သကာကို မီးရှို့လျက်၊ ယဇ်ပူဇော်ရာဝတ်ကို အစဉ်ပြုရသော လေဝိသား ယဇ်ပုရောဟိတ်ရိုးလည်း အလျှင်းမပြတ်ရဟု မိန့်တော်မူ၏။
33:19 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊
33:20 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါထားသောနေ့ပဋိညာဉ်နှင့် ညပဋိညာဉ်တရားကို သင်တို့သည် ဖျက်၍၊ နေ့ညအပိုင်းအခြား မရှိစေခြင်းငှာ တတ်နိုင်လျှင်၊
33:21 ငါ၏ကျွန်ဒါဝိဒ်၌ ငါထားသောပဋိညာဉ်ပျက်၍၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာစိုးစံရသော ဒါဝိဒ်မင်းရိုးသည် ပြတ်လိမ့်မည်။ ငါ၏အမှုထမ်း လေဝိသားယဇ်ပုရောဟိတ်ရိုးလည်း ပြတ်လိမ့်မည်။
33:22 မိုးကောင်းကင်တန်ဆာတို့ကို မရေတွက်နိုင်၊ သမုဒ္ဒရာသဲလုံးတို့ကို တောင်းတင်းနှင့် မခြင်နိုင်အောင် များပြားသကဲ့သို့၊ ငါ့ကျွန်ဒါဝိဒ်၏အမျိုးကိုလည်းကောင်း၊ ငါ၏အမှုထမ်းလေဝိသားတို့ကိုလည်းကောင်း ငါများပြားစေမည်ဟု မိန့်တော်မူ၏။
33:23 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊
33:24 ထာဝရဘုရား ရွေးကောက်သော လူမျိုးနှစ်မျိုးကို တစ်ဖန်ပယ်တော်မူပြီဟု ဤလူတို့ပြောတတ်သော စကားကို သင်သည်ဆင်ခြင်ပြီလော။ ထိုသို့သူတို့သည် ငါ၏လူမျိုးကို လူမျိုးကဲ့သို့မမှတ်၊ မထီမဲ့မြင်ပြုကြပြီ။
33:25 ထာဝရဘုရားမိန့်တော်မူသည်ကား၊ နေ့နှင့် ညအဖို့ ငါ၏ပဋိညာဉ် မရှိလျှင်လည်းကောင်း၊ မိုးကောင်းကင်နှင့် မြေကြီးတရားတို့ကို ငါမစီရင်လျှင်လည်းကောင်း၊
33:26 အာဗြဟံ၊ ဣဇာက်၊ ယာကုပ်အမျိုးကို အုပ်စိုးရသော မင်းအရာ၌၊ ယာကုပ်အမျိုးနှင့် ငါ့ကျွန်ဒါဝိဒ်၏အမျိုး သားစဉ်မြေးဆက်ထဲက ငါရွေး၍မခန့်ထားဘဲ စွန့်ပစ်မည်။ သို့မဟုတ် သိမ်းသွားခြင်းကိုခံရသော ထိုသူတို့ကို တစ်ဖန်ငါဆောင်ခဲ့၍ ကယ်မသနားမည်ဟု မိန့်တော်မူ၏။