Jeremiah 34
34:1 ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဗိုလ်ခြေအပေါင်း၊ အစိုးရတော်မူသမျှသော တိုင်းနိုင်ငံသား၊ လူမျိုးအသီးအသီး အပေါင်းတို့နှင့်တကွ၊ ယေရုရှလင်မြို့ကိုလည်းကောင်း၊ ထိုမြို့နှင့်ဆိုင်သမျှသော မြို့ရွာတို့ကိုလည်းကောင်း တိုက်သောအခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊
34:2 ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယုဒရှင်ဘုရင် ဇေဒကိကို သွား၍ပြောရမည်မှာ၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤမြို့ကို ဗာဗုလုန် ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် မီးရှို့လိမ့်မည်။
34:3 သင်သည် ထိုမင်းလက်နှင့် မလွတ်ရ။ စင်စစ် သင့်ကိုဖမ်းဆီး၍ ထိုမင်းလက်သို့ အပ်ကြလိမ့်မည်။ သင်သည် ဗာဗုလုန်ရှင်ဘုရင်ကို မျက်နှာချင်းဆိုင်၍ တစ်ယောက်နှင့်တစ်ယောက် စကားပြောရလိမ့်မည်။ ဗာဗုလုန်မြို့သို့လည်း သွားရလိမ့်မည်။
34:4 သို့ရာတွင်၊ ယုဒရှင်ဘုရင် ဇေဒကိမင်းကြီး၊ ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ မင်းကြီးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဓားဖြင့်အသေမခံရ။
34:5 ငြိမ်ဝပ်စွာသေ၍ သင့်ရှေ့မှာ စိုးစံသော ဘိုးတော်ဘေးတော်တို့အဖို့ ပြုဖူးသည်နည်းတူ၊ သင့်အဖို့ နံ့သာပေါင်းကို မီးရှို့လျက်၊ ဩ သခင်ဟူ၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်၊ ငါပြောထားပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
34:6 ဗာဗုလုန် ရှင်ဘုရင်၏ဗိုလ်ခြေတို့သည် ယေရုရှလင်မြို့ကိုလည်းကောင်း၊
34:7 ယုဒပြည်၌ ခိုင်ခံ့၍ ကျန်ကြွင်းသောမြို့၊ လာခိရှမြို့၊ အဇေကာမြို့ တည်းဟူသော ယုဒပြည်၌ ကျန်ကြွင်းသော မြို့တို့ကိုလည်းကောင်း တိုက်သောအခါ၊ ပရောဖက်ယေရမိသည် ထိုစကားအလုံးစုံတို့ကို ယုဒရှင်ဘုရင်ဇေဒကိအား ဆင့်ဆိုလေ၏။
34:8 ယေရုရှလင်မြို့သား အပေါင်းတို့သည် အသီးအသီး စေစားသော ယုဒညီအစ်ကိုချင်း၊
34:9 အစေခံရသော ဟေဗြဲအမျိုး ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲ လွှတ်စေခြင်းငှာ၊ ဇေဒကိမင်းကြီးသည် လွှတ်ခြင်းတရားကိုစီရင်မည်ဟု ဝန်ခံပြီးသည်နောက်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လာ၏။
34:10 အကြောင်းမူကား၊ ဝန်ခံသောမှူးမတ်၊ ဆင်းရဲသားအပေါင်းတို့သည် အသီးအသီးစေစားသော ကျွန်ယောက်ျား မိန်းမတို့ကို နောက်တစ်ဖန် မစေစားဘဲလွှတ်မည်ဟု ကြားသောအခါ၊ နားထောင်၍ လွှတ်လိုက်ကြ၏။
34:11 နောက်တစ်ဖန် ပြောင်းလဲ၍ ယခင်လွှတ်ပြီးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြ၏။
34:12 ထိုကြောင့်၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်၍၊
34:13 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘိုးဘေးများကို ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ ငါနုတ်ဆောင်သောအခါ၊
34:14 သင်တို့သည် အသီးအသီးဝယ်သော ညီအစ်ကိုချင်း ဟေဗြဲအမျိုးသားတို့ကို ခုနစ်နှစ်စေ့လျှင် လွှတ်ရမည်။ ခြောက်နှစ်ပတ်လုံး သင်တို့၌ အစေကျွန်ခံပြီးမှ၊ လွတ်သောအခွင့်ကို ပေးရမည်ဟု ပညတ်သော်လည်း၊ သင်တို့ ဘိုးဘေးများတို့သည် ငါ့စကားကို နားမထောင်၊ နားကို ပိတ်လျက်နေကြ၏။
34:15 သင်တို့သည် ယခုမှာပြောင်းလဲ၍၊ အသီးအသီး အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာ စီရင်သဖြင့်၊ ငါ့ရှေ့၌ တရားသောအမှုကိုပြုလျက်၊ ငါ့နာမဖြင့် သမုတ်သော ဗိမာန်တော်၌ ငါ့ရှေ့မှာ ဝန်ခံခြင်း ပဋိညာဉ်ကို ပြုကြသော်လည်း၊
34:16 တစ်ဖန် ပြောင်းလဲ၍ ငါ၏နာမကိုရှုတ်ချလျက်၊ အသီးအသီး ရှင်းရှင်းလွှတ်ဖူးသော ကျွန်ယောက်ျား မိန်းမတို့ကို ခေါ်ပြန်၍ အစေကျွန်ခံစေကြပြီတကား။
34:17 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် အသီးအသီး ညီအစ်ကိုချင်း၊ အိမ်နီးချင်းတို့အား လွတ်ရသောအခွင့်ကို ထင်ရှားစွာမစီရင်၊ ငါ့စကားကို နားမထောင်သောကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် သင်တို့အဖို့၊ ဓားဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတို့အား လွတ်သောအခွင့်ကို ထင်ရှားစွာစီရင်၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ အနှောင့်အယှက် ခံစေမည်။
34:18 နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ လျှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သောသူတည်းဟူသော၊
34:19 ယုဒမင်း၊ ယေရုရှလင်မင်း၊ မှူးမတ်၊ ယဇ်ပုရောဟိတ်အစရှိသော၊ နွားသငယ် ထက်ခြမ်းအလယ်သို့ လျှောက်သွားသော ပြည်သူပြည်သားအပေါင်းတို့ကို၊
34:20 သူတို့ရန်သူများ လက်သို့လည်းကောင်း၊ သတ်ချင်သောသူများ လက်သို့လည်းကောင်း ငါအပ်မည်။ သူတို့အသေကောင်များတို့သည် မိုးကောင်းကင်ငှက်နှင့် တောသားရဲများ စားစရာဖို့ ဖြစ်ကြလိမ့်မည်။
34:21 ယုဒရှင်ဘုရင် ဇေဒကိမှစ၍ မှူးတော်မတ်တော်တို့ကို သူတို့ရန်သူများ လက်သို့လည်းကောင်း၊ သတ်ချင်သောလူများ လက်သို့လည်းကောင်း၊ ယခုလွှဲသွားသော ဗာဗုလုန်ရှင်ဘုရင်၏ ဗိုလ်ခြေများလက်သို့လည်းကောင်း ငါအပ်မည်။
34:22 ငါသည် အမိန့်တော်ပေး၍ သူတို့ကို ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် တိုက်ယူ၍ မီးရှို့ကြလိမ့်မည်။ ငါသည်လည်း၊ ယုဒမြို့ရွာတို့ကို လူတို့ဆိတ်ညံရာအရပ်ဖြစ်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။