Jeremiah 5
5:1 ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း၊ တရားသဖြင့်ကျင့်သော မြို့သား၊ သစ္စာစောင့်သော မြို့သား တစ်စုံတစ်ယောက်မျှရှိလျှင်၊ ထိုသူကိုတွေ့အံ့သောငှာ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
5:2 သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု ဆိုသော်လည်း၊ အကယ်စင်စစ် မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
5:3 အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့မျက်နှာကို ကျောက်ထက်သာ၍မာစေကြပါပြီ။ ငါတို့သည် ပြန်၍မလာဟု ငြင်းဆန်လျက် နေကြပါပြီ။
5:4 ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏တရားတော်ကိုလည်းကောင်း၊ မိမိတို့ ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း၊ မသိသောကြောင့် မိုက်ကြ၏။
5:5 လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကိုလည်းကောင်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကိုလည်းကောင်း သိကြ၏ဟု ဆိုသော်လည်း၊ သူတို့သည် ထမ်းပိုးတော်ကို ချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။
5:6 ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကိုသတ်လိမ့်မည်။ ညဥ့်ဦးယံ၌ လည်တတ်သော တောခွေးသည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကိုစောင့်၍၊ မြို့ပြင်သို့ ထွက်သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
5:7 ထိုသို့သောအပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ်နိုင်သနည်း။ သင်၏သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆိုကြပြီ။ ငါသည် ဝစွာကျွေးသောအခါ သူတို့သည် ပြည်တန်ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
5:8 ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီးအိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။
5:9 ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲနေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
5:10 မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီးခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရား ဆိုင်တော်မမူ။
5:11 ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ခံဖူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
5:12 သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။
5:13 ပရောဖက်တို့သည် လေသက်သက် ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော် မရှိ။ သူတို့ ဟောပြောသည်အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ်လျက် ဆိုတတ်ကြ၏။
5:14 သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့လည်းကောင်း၊ ဤလူမျိုးကို ထင်းကဲ့သို့လည်းကောင်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။
5:15 ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလအမျိုး၊ သင့်ကို တိုက်စေဖို့ လူတစ်မျိုးကို ဝေးသောအရပ်က ငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေးကာလ၌ ဖြစ်ဖူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သောအမျိုး ဖြစ်လိမ့်မည်။
5:16 သူတို့ မြားတောင့်သည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။
5:17 ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့်ကိုစားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြလိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်းတိုက်၍ လုပ်ကြံကြလိမ့်မည်။
5:18 သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။
5:19 သူတို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံဘုရားတို့၏အမှုကို ဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သောပြည်၌ တစ်ကျွန်းတစ်နိုင်ငံသားတို့၏အမှုကို ဆောင်ရွက်ရကြလိမ့်မည်ဟု၊ သင်သည် သူတို့အားဆင့်ဆိုရမည်။
5:20 ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြောကြွေးကြော်ရမည်မှာ၊
5:21 အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဉာဏ်မဲ့သောလူမိုက်တို့၊ နားထောင်ကြလော့။
5:22 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ်မလွန်နိုင်အောင် ဆီးတားဖို့ရာ သဲကို ထာဝရအပိုင်းအခြားခန့်ထားသောငါကို သင်တို့သည် မကြောက်ကြသလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍ မကျော်မလွန်နိုင်သော်လည်း၊
5:23 ဤလူမျိုးသည် ပြစ်မှားပုန်ကန်သောသဘောရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။
5:24 အချိန်တန်မှ အရင်မိုးနှင့် နောက်မိုးကိုရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာကာလကို ငါတို့အဖို့သိုထားတော်မူသော ငါတို့၏ ဘုရားသခင်ထာဝရဘုရားကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။
5:25 သင်တို့ဒုစရိုက်သည် ထိုသို့သောအရာတို့ကိုလွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏မင်္ဂလာကို ဆီးတားလေပြီ။
5:26 ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်းသော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကိုထောင်ခြင်းငှာ ထောင်ချောက်ကိုထားကြပြီ။
5:27 ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့် ပြည့်၏။ ထိုသို့ သူတို့သည် အားတိုးပွား၍ ရတတ်ခြင်းသို့ရောက်ကြ၏။
5:28 ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသောသူတို့ထက် သာ၍ ဆိုးကြ၏။ တရားသဖြင့် မစီရင်ကြ။ မိဘမရှိသော သူငယ်၏အမှုကိုစောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသောသူဘက်၌ တရားသဖြင့် မစီရင်ကြ။
5:29 ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲနေရမည်လော။ ထိုသို့သော အမျိုးကိုဒဏ်ပေး၍၊ ငါစိတ်ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော်မူ၏။
5:30 အံ့ဩရွံရှာဖွယ်သောအမှုကို ပြည်တော်၌ ပြုကြ၏။
5:31 ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။