Jeremiah 41
41:1 သတ္တမလတွင် ဆွေတော်မျိုးတော်ဖြစ်သော မင်းသား ဧလိရှမာသား နာသနိ၏သားဣရှမေလသည်၊ လူတစ်ကျိပ်နှင့်တကွ၊ အဟိကံသား ဂေဒလိရှိရာ မိဇပါမြို့သို့လာ၍၊ ထိုမြို့၌ တစ်စုတည်းစားသောက်ကြ၏။
41:2 ထိုအခါ နာသနိသား ဣရှမေလနှင့် ထိုလူတစ်ကျိပ်တို့သည်ထ၍၊ ဗာဗုလုန်ရှင်ဘုရင်အခွင့်နှင့် ပြည်အုပ်လုပ်သော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိကို ဓားနှင့်ခုတ်၍သတ်ကြ၏။
41:3 ဣရှမေလသည်လည်း၊ မိဇပါမြို့တွင် ဂေဒလိထံ၌ရှိသော ယုဒလူအပေါင်းတို့ကိုလည်းကောင်း၊ တွေ့သမျှသော ခါလဒဲစစ်သူရဲ တို့ကိုလည်းကောင်း သတ်လေ၏။
41:4 ဂေဒလိကိုသတ်၍၊ နှစ်ရက်လွန်သော်လည်း၊ ထိုအမှုကို အဘယ်သူမျှမသိသေးသဖြင့်၊
41:5 ရှေခင်မြို့၊ ရှိလောမြို့၊ ရှမာရိမြို့မှ ထွက်လာသော လူရှစ်ကျိပ်တို့သည် မိမိတို့မုတ်ဆိတ်ကို ရိတ်ပြီးလျှင်၊ အဝတ်စုတ်ကိုဝတ်၍ ရှနသောကိုယ်ရှိလျက်၊ ပူဇောသကာနှင့် နံ့သာပေါင်းကို ဗိမာန်တော်သို့ဆောင်ခဲ့လျက် ရောက်လာကြ၏။
41:6 ထိုသူတို့ကို ကြိုဆိုအံ့သောငှာ၊ နာသနိသား ဣရှမေလသည် ငိုကြွေးလျက်၊ မိဇပါမြို့မှထွက်၍ တွေ့သောအခါ၊ အဟိကံသားဂေဒလိထံသို့ လာကြလော့ဟု ခေါ်လေ၏။
41:7 မြို့ထဲသို့ရောက်ပြီးလျှင်၊ နာသနိသားဣရှမေလနှင့် သူ၏လူများတို့သည် ထိုသူတို့ကိုသတ်၍၊ မြေတွင်းထဲသို့ ပစ်ချကြ၏။
41:8 ထိုသူတို့တွင်ပါသော လူတစ်ကျိပ်တို့က၊ အကျွန်ုပ်တို့ကို မသတ်ပါနှင့်။ အကျွန်ုပ်တို့သိုထားသော ဥစ္စာတည်းဟူသော ဂျုံ၊ မုယော၊ ဆီ၊ ပျားရည်သည် တော၌ရှိပါ၏ဟု၊ ဣရှမေလအားပြောဆိုသောကြောင့်၊ ထိုသူတို့ကို သူတို့ ညီအစ်ကိုများနှင့်အတူ မသတ်ဘဲနေ၏။
41:9 ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသောတွင်းသည် အခြားတွင်းမဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာကို ကြောက်၍တူးသောတွင်း ဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။
41:10 ထိုအခါ အဟိကံသား ဂေဒလိ၌ ကိုယ်ရံတော်မှူး နေဗုဇာရဒန်အပ်သော မင်းသမီးများအစရှိသော၊ မိဇပါမြို့၌ ကျန်ကြွင်းသမျှသော သူတို့ကို နာသနိသား ဣရှမေလသည်သိမ်းယူ၍၊ အမ္မုန်အမျိုးသားတို့ထံသို့ ထွက်သွားလေ၏။
41:11 ထိုသို့ နာသနိသား ဣရှမေလပြုသော အမှုဆိုးအလုံးစုံတို့ကို၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသမျှသော တပ်မှူးတို့သည်ကြားလျှင်၊
41:12 လူအပေါင်းတို့ကိုခေါ်၍၊ နာသနိသား ဣရှမေလကိုတိုက်ခြင်းငှာ ထွက်သွားသဖြင့်၊ ဂိဗောင်ကန်နားမှာ တွေ့လေ၏။
41:13 ဣရှမေလ၌ပါသောသူ အပေါင်းတို့သည် ကာရာသားယောဟနန်နှင့် သူ၌ပါသော တပ်မှူးအပေါင်းတို့ကို မြင်သောအခါ၊ ဝမ်းမြောက်ခြင်းသို့ရောက်ကြ၏။
41:14 ထိုအခါ မိဇပါမြို့မှ ဣရှမေလသိမ်းသွားသော လူအပေါင်းတို့သည် သူ့ထံမှထွက်၍၊ ကာရာသား ယောဟနန်ထံသို့ ကူးသွားကြ၏။
41:15 နာသနိသား ဣရှမေလသည် လူရှစ်ယောက်နှင့် တကွ၊ ယောဟနန်လက်မှ လွတ်ပြေး၍၊ အမ္မုန်အမျိုးသားတို့ထံသို့ သွားလေ၏။
41:16 ထိုသို့ အဟိကံသား ဂေဒလိကိုသတ်ပြီးသည်နောက်၊ ကာရာသားယောဟနန်နှင့် သူ့ထံ၌ရှိသော တပ်မှူးအပေါင်းတို့သည် နာသနိသားဣရှမေလလက်မှလည်းကောင်း၊ မိဇပါမြို့မှလည်းကောင်းနုတ်၍ ကျန်ကြွင်းသော သူတည်းဟူသော၊ အားကြီးသော စစ်သူရဲများ၊ မိန်းမများ၊ သူငယ်များ၊ မိန်းမစိုးများအပေါင်းတို့ကို ဂိဗောင်မြို့မှဆောင်ခဲ့ပြန်၍၊
41:17 ခါလဒဲလူတို့ကြောင့် အဲဂုတ္တုပြည်သို့ ပြောင်းမည်အကြံရှိလျက်၊ ဗက်လင်မြို့နှင့်နီးသော ခိမဟံရွာသို့ သွား၍နေကြ၏။
41:18 အကြောင်းမူကား၊ ပြည်အုပ်အရာ၌ ဗာဗုလုန်ရှင်ဘုရင်ခန့်ထားသော အဟိကံသားဂေဒလိကို နာသနိသားဣရှမေလ သတ်သောကြောင့်၊ ခါလဒဲလူတို့ကိုကြောက်ကြ၏။