Jeremiah 42
42:1 ထိုအခါ ကာရာသား ယောဟနန်၊ ဟောရှဲသား ယေဇနိအစရှိသော တပ်မှူးရှိသမျှတို့နှင့် လူအကြီးအငယ်အပေါင်းတို့သည် ပရောဖက်ယေရမိထံသို့ ချဉ်းကပ်၍
42:2 အကျွန်ုပ်တို့သည် အထက်ကများသော်လည်း၊ ယခုကိုယ်တော် မြင်သည်အတိုင်း အနည်းငယ်သာ ကျန်ကြွင်းပါသည်ဖြစ်၍၊ အကျွန်ုပ်တို့ အသနားတော်ခံသောစကားကို မပယ်ပါနှင့်။ အကျွန်ုပ်တို့ သွားရသောလမ်းနှင့် ပြုရသောအမှုကို ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့အား ပြတော်မူမည်အကြောင်း၊ ကျန်ကြွင်းသမျှသောသူ၊ အကျွန်ုပ်တို့အဖို့ ကိုယ်တော်၏ ဘုရားသခင် ထာရဘုရားထံတော်၌ ဆုတောင်းပါလော့ဟု တောင်းပန်ကြ၏။
42:4 ပရောဖက် ယေရမိကလည်း ငါကြား၏။ သင်တို့ပြောသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားအား ဆုတောင်းမည်။ ထာရဘုရားသည် သင်တို့အား မိန့်တော်မူသမျှတို့ကို ပြန်ပြောမည်။ အဘယ်အရာကိုမျှ မထိမ်မဝှက်ဟု ပြောဆို၏။
42:5 သူတို့ကလည်း ကိုယ်တော်ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့ကို မှာထားတော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့သည် ပြုပါမည်ဟု၊ ထာဝရဘုရားသည် အကျွန်ုပ်တို့၌ မှန်ကန်၍ သစ္စာစောင့်သော သက်သေ ဖြစ်တော်မူစေသတည်း။
42:6 အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင် ထာရဘုရား၏အမိန့်တော်ကို နားထောင်သောအခါ ချမ်းသာရပါမည်အကြောင်း၊ အကျွန်ုပ်တို့သည်၊ ကိုယ်တော်ကို စေလွှတ်ရာ အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်သည် ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ နားထောင်ပါမည်ဟု ယေရမိအားပြောဆိုကြ၏။
42:7 ထိုနောက် ဆယ်ရက်ကြာသောအခါ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိသို့ရောက်လျှင်၊
42:8 ယေရမိသည် ကာရာသား ယောဟနန်မှစ၍၊ သူ၌ပါသမျှသောတပ်မှူးတို့နှင့် လူအကြီးအငယ်အပေါင်းတို့ကို ခေါ်၍၊
42:9 သင်တို့သည် ငါ့ကိုစေလွှတ်၍ အသနားတော်ခံသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊
42:10 အကယ်စင်စစ် သင်တို့သည် ဤပြည်၌နေလျှင်၊ ငါသည် သင်တို့ကို မဖြိုမဖျက်၊ တည်ဆောက်မည်။ သင်တို့ကို မနုတ်၊ စိုက်ပျိုးမည်။ ငါသည် သင်တို့၌ရောက်စေသော ဘေးဒဏ်ကြောင့် နောင်တရ၏။
42:11 သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှ နုတ်ယူခြင်းငှာ သင်တို့ဘက်၌ရှိ၏။
42:12 သင်တို့ကို ငါကယ်မသနားသောအားဖြင့်၊ ထိုရှင်ဘုရင်သည် သင်တို့ကိုသနား၍၊ နေရင်းပြည်သို့ ပြန်စေရလိမ့်မည်။
42:13 သို့မဟုတ်၊ သင်တို့က၊ ငါတို့သည် ဤပြည်၌မနေ၊ ငါတို့ ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊
42:14 စစ်မှုကို မတွေ့မြင်၊ တံပိုးမှုတ်သံကို မကြား၊ မငတ်မမွတ်ရာအရပ်၊ အဲဂုတ္တုပြည်သို့ သွား၍နေမည်ဟု ဆိုလျှင်၊
42:15 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ ထာဝရဘုရား၏အမိန့်တော်ကို ကြားကြလော့။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် အဲဂုတ္တုပြည်သို့ သွားခြင်းငှာ ကျပ်ကျပ် မျက်နှာပြုလျက်၊ ထိုပြည်သို့ အမှန်သွား၍ တည်းခိုလျှင်၊
42:16 သင်တို့ကြောက်သော ဓားဘေးသည် အဲဂုတ္တုပြည်၌ သင်တို့ကိုမီလိမ့်မည်။ သင်တို့ကြောက်သော မွတ်သိပ်ခြင်းဘေးသည်လည်း၊ အဲဂုတ္တုပြည်၌ သင်တို့ကိုကျပ်ကျပ်လိုက်၍၊ ထိုပြည်၌ သင်တို့သည် သေကြလိမ့်မည်။
42:17 အဲဂုတ္တုပြည်သို့သွား၍ တည်းခိုခြင်းငှာ မျက်နှာပြုသောသူ အပေါင်းတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်။ သူတို့အပေါ်သို့ ငါရောက်စေသော ဘေးဒဏ်နှင့် တစ်ယောက်မျှမလွတ်ရ။ ကျန်ကြွင်းသောလူ တစ်ယောက်မျှမရှိရ။
42:18 ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်မိန့်တော်မူသည်ကား၊ ယေရုရှလင်မြို့သားတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို ငါသွန်းလောင်းသည်နည်းတူ၊ သင်တို့သည် အဲဂုတ္တုပြည်သို့ဝင်သောအခါ၊ သင်တို့အပေါ်သို့ သွန်းလောင်းသဖြင့်၊ သင်တို့သည် ဆဲရေးခြင်း၊ အံ့သြခြင်း၊ ကျိန်ခြင်း၊ ကဲ့ရဲ့ခြင်းကိုခံဖို့ရာ ဖြစ်လိမ့်မည်။ဤအရပ်ကို နောက်တစ်ဖန် မမြင်ရ။
42:19 ကျန်ကြွင်းသော ယုဒအမျိုးသားတို့၊ အဲဂုတ္တုပြည်သို့ မသွားကြနှင့်ဟု သင်တို့အား ထာဝရဘုရားအမိန့်တော်ရှိ၏။ ငါသည်သင်တို့ကို ယနေ့ သက်သေခံကြောင်းကို သိမှတ်ကြလော့။
42:20 အကယ်စင်စစ် သင်တို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားအား အကျွန်ုပ်တို့အဖို့ ဆုတောင်းပါလော့။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသမျှတို့ကို ကြားပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင်ပါမည်ဟုဆို၍၊ ငါ့ကို သင်တို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ စေလွှတ်သောအခါ၊ ကိုယ်စိတ်ကို ကိုယ်လှည့်စားကြပြီ။
42:21 ငါသည်သင်တို့အား ယနေ့ကြားပြော၏။ သင်တို့မူကား၊ သင်တို့ ဘုရားသခင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်းကောင်း၊ ငါ့အားဖြင့် မှာလိုက်တော်မူသမျှတို့ကိုလည်းကောင်း၊ နားမထောင်ဘဲနေကြ၏။
42:22 ထိုကြောင့် သင်တို့သည်သွား၍ တည်းခိုချင်သောအရပ်၌ ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးတို့ဖြင့် သေကြလိမ့်မည်အကြောင်းကို အမှန်သိမှတ်ကြလော့ဟု ယေရမိသည် ပြန်ပြောလေ၏။