Lamentations 3
3:1 ငါသည် ဘုရားသခင်၏အမျက်တော်ကြိမ်လုံးအောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။
3:2 ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက်ထဲသို့ ပို့ဆောင်တော်မူ၏။
3:3 အကယ်စင်စစ် ငါ့ကိုတစ်နေ့လုံး အထပ်ထပ် ဒဏ်ခတ်တော်မူ၏။
3:4 ငါ့အရေနှင့် အသားကို ဆွေးရိစေ၍ ငါ့အရိုးတို့ကိုလည်း ချိုးတော်မူ၏။
3:5 ငါ့တစ်ဖက်၌ တပ်တည်၍ ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
3:6 သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။
3:7 ငါမထွက်နိုင်အောင်ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
3:8 ထိုမျှမက ငါသည်ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
3:9 ငါသွားရာလမ်းကိုကျောက်ထရံနှင့် ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
3:10 ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့လည်းကောင်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့လည်းကောင်း ဖြစ်တော်မူ၏။
3:11 ငါ့ကို လမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
3:12 လေးတော်ကိုတင်၍ ပြစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
3:13 မြားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်းစေတော်မူ၏။
3:14 ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တစ်နေ့လုံး သီချင်းဆိုစရာအကြောင်းဖြစ်ပါသည်တကား။
3:15 ခါးသောဆေးနှင့် ငါ့ကိုဖြည့်၍၊ ဒေါနနှင့် ယစ်မူးစေတော်မူ၏။
3:16 ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော်မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
3:17 ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာရွှေ့တော်မူသောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့၏။
3:18 သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မျှော်လင့်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
3:19 အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကိုလည်းကောင်း၊ ဒေါနနှင့် သည်းခြေအရည်ကိုလည်းကောင်း အောက်မေ့တော်မူပါ။
3:20 ဧကန်အမှန် အောက်မေ့တော်မူလိမ့်မည်။
3:21 ထိုသို့ အကျွန်ုပ်၏စိတ်နှလုံးသည် ဆင်ခြင်၍သတိရသောအခါ မျှော်လင့်စရာအခွင့်ရှိပါ၏။
3:22 ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
3:23 နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
3:24 ငါ့ဝိညာဉ်၏သဘောဟူမူကား၊ ထာဝရဘုရားသည် ငါ၏အဖို့ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်ကို ငါမျှော်လင့်ပါ၏။
3:25 ကိုယ်တော်ကို မျှော်လင့်သောသူနှင့် ကိုယ်တော်ကို ရှာသောသူ၏စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
3:26 ကယ်တင်တော်မူမည်ဟု မျှော်လင့်လျက်၊ ငြိမ်ဝပ်စွာစောင့်၍နေကောင်း၏။
3:27 လူသည် အသက်ပျိုစဉ်အခါ ထမ်းပိုးကိုထမ်းကောင်း၏။
3:28 ထမ်းပိုးကို တင်တော်မူသောကြောင့် တစ်ယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
3:29 မျှော်လင့်စရာအခွင့် ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
3:30 ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် ပြည့်ဝစေ။
3:31 အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
3:32 ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော်များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
3:33 ဆင်းရဲစေချင်သော စိတ်နှင့် လူသားတို့ကိုညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည် မဟုတ်။
3:34 ချုပ်ထားသော ပြည်သားအပေါင်းတို့ကိုခြေနှင့် နင်းကြိတ်ခြင်းအမှု၊
3:35 လူခံထိုက်သောတရားကို အမြင့်ဆုံးသောဘုရားမျက်မှောက်၌ ဖျက်ခြင်းအမှု၊
3:36 သူတစ်ပါးကို မတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရား နှစ်သက်တော်မမူ။
3:37 ထာဝရဘုရား မှာထားတော်မမူဘဲ၊ အဘယ်သူသည်ပြော၍ တစ်စုံတစ်ခုကို ဖြစ်စေနိုင်သနည်း။
3:38 အမြင့်ဆုံးသောဘုရား၏ နှုတ်တော်ထွက်ရှိသည်အတိုင်း မင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ်လော။
3:39 အသက်ရှင်သောလူသတ္တဝါသည် အဘယ်ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
3:40 ငါတို့သည် ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြောစုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
3:41 ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင့်ထံတော်သို့ နှလုံးနှင့် လက်တို့ကို ချီကြွကြကုန်အံ့။
3:42 အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
3:43 အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တစ်ဖန် အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။
3:44 အကျွန်ုပ်တို့ ပတ္ထနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုးတိမ်ဖြင့် ကိုယ်ကို ကွယ်ကာတော်မူ၏။
3:45 အကျွန်ုပ်တို့ကို လူမျိုးတို့တွင် လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ရွံစရာအရာကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
3:46 ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။
3:47 အကျွန်ုပ်တို့သည် ကြောက်လန့်ဖွယ်သောအရာထဲသို့လည်းကောင်း၊ တွင်းထဲသို့လည်းကောင်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့လည်းကောင်း ရောက်ကြပါပြီ။
3:48 ငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊
3:49 ငါ့မျက်စိသည် မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
3:50 ထာဝရဘုရားသည် ကောင်းကင်ကငုံ့ကြည့်၍ ရှုမှတ်တော်မမူမီတိုင်အောင်၊ ငါ့မျက်ရည်သည်ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
3:51 ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါ့မျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
3:52 အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။
3:53 မြေတွင်း၌ ငါ့အသက်ကိုဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။
3:54 ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။
3:55 အို ထာဝရဘုရား၊ နက်သောမြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကိုခေါ်ပါ၏။
3:56 အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
3:57 အကျွန်ုပ်သည် ကိုယ်တော်ကိုဟစ်ခေါ်သောအခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့်ဟု မိန့်တော်မူပြီ။
3:58 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနုတ်တော်မူပြီ။
3:59 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ခံရသောညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဖို့ တရားစီရင်တော်မူပါ။
3:60 သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသောအကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
3:61 အို ထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်းနှင့် မကောင်းသောအကြံရှိသမျှကိုလည်းကောင်း၊
3:62 အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့၏အပြစ်တင်ခြင်း၊ အကျွန်ုပ်တစ်ဖက်၌ တစ်နေ့လုံး ကြံစည်ခြင်းကိုလည်းကောင်း ကိုယ်တော်ကြားတော်မူပြီ။
3:63 သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့ သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။
3:64 အို ထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
3:65 သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
3:66 အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။