Ezekiel 19
19:1 ထိုမှတစ်ပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊
19:2 သင်၏အမိကား အဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။
19:3 ကျွေးမွေးသော သားတစ်ကောင်သည် ခြင်္သေ့ပျိုဖြစ်၍၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။
19:4 လူမျိုးတို့သည် ကြား၍ မြေတွင်း၌ ထိုခြင်္သေ့ပျိုကို ဖမ်းပြီးလျှင်၊ သံကြိုးနှင့်ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။
19:5 သားဆုံးရှုံးကြောင်းကို အမိသည်မြင်၍ စိတ်ပျက်သောအခါ၊ သားတစ်ကောင်ကို ယူပြန်၍ ခြင်္သေ့ပျိုဖြစ်စေခြင်းငှာ ပြုသဖြင့်၊
19:6 သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဖော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဖမ်းဆီးခြင်းငှာ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။
19:7 သူတို့မုဆိုးများကို သိ၍၊ သူတို့မြို့များကို သုတ်သင်ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့် ပြည်၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။
19:8 ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဖမ်းကြ၏။
19:9 သံကြိုးနှင့်ချည်နှောင်လျက် ဗာဗုလုန်ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင်ပေါ်မှာ နောက်တစ်ဖန် မမြည်စေခြင်းငှာ နှောင်အိမ်၌လှောင်ထားကြ၏။
19:10 သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာစိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသောကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီးကို သီးတတ်၏။
19:11 မင်းတို့အသုံးအဆောင် ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက်အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။
19:12 သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည်တိုက်၍ အသီးကို ပိန်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည်ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။
19:13 ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင်အရပ်၌ စိုက်လျက်ရှိ၏။
19:14 အခက်အလက်တံဖျာတစ်ခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး၊ အစိုးရသော ရာဇလှံတံဖို့ ခိုင်ခံ့သောတံဖျာ တစ်စုံတစ်ခုမျှ မကျန်ကြွင်း။ ဤရွေ့ကား၊ ငိုကြွေးမြည်တမ်းခြင်းအကြောင်းဖြစ်၏။ ငိုကြွေးမြည်တမ်းစရာအကြောင်းလည်း ဖြစ်လိမ့်မည်။