Ezekiel 20
20:1 သက္ကရာဇ် ခုနစ်ခု၊ ပဉ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရားကို မေးလျှောက်ခြင်းငှာလာ၍ ငါ့ရှေ့မှာထိုင်နေကြ၏။
20:2 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
20:3 အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှာ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။
20:4 အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြောလော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဖူးသော စက်ဆုပ်ရွံရှာဖွယ်အမှုကို ဖော်ပြ၍၊
20:5 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးကို ငါရွေးကောက်၍၊ အဲဂုတ္တုပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုးသားတို့အား ကျိန်ဆိုသည်ကာလ၊
20:6 သူတို့ကို အဲဂုတ္တုပြည်မှ ငါနုတ်ပြီးလျှင်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဖို့ငှာ ကြည့်ရှုသော ပြည်သို့ဆောင်သွားခြင်းငှာ ကျိန်ဆိုသောအခါ၊
20:7 သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊
20:8 သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီးအသီးဖူးမြင်သော စက်ဆုပ်ရွံရှာဖွယ်အရာတို့ကိုလည်းကောင်း၊ အဲဂုတ္တုရုပ်တုတို့ကိုလည်းကောင်း၊ မစွန့်ပစ်ဘဲနေကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည်ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု ငါအကြံရှိ၏။
20:9 သို့ရာတွင်၊ သူတို့နေသော တစ်ပါးအမျိုးသားတို့ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်၍၊ တစ်ပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်လေ၏။
20:10 အဲဂုတ္တုပြည်မှနုတ်ဆောင်၍ တောသို့ရောက်သောအခါ၊
20:11 ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဖော်ပြ၏။
20:12 ထိုမှတစ်ပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှာ၊ ငါ၏ဥပုသ်နေ့တို့ကို ငါခန့်ထား၏။
20:13 သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချကြ၏။ ထိုအခါ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ တော၌သူတို့အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံရှိ၏။
20:14 သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကိုမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် စီရင်လေ၏။
20:15 တစ်ဖန်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့် ပျားရည်စီးသောပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှာ၊ တော၌ ငါကျိန်ဆို၏။
20:16 အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကိုငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
20:17 သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသောကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှာမပြု။
20:18 သားမြေးတို့အားလည်း၊ သင်တို့၏ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။
20:19 ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။
20:20 ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု၊ သင်တို့သည် သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့် သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြလော့ဟု ငါဆို၏။
20:21 သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေခြင်းငှာ၊ တောထဲမှာ ငါ၏အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။
20:22 သို့ရာတွင်၊ ငါနုတ်ဆောင်ခြင်းကျေးဇူးကို သိမြင်သော တစ်ပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှာ၊ ငါသည် နာမတော်အတွက် သည်းခံလျက်နေ၏။
20:23 တစ်ဖန် ငါသည် သူတို့ကို အတိုင်းတိုင်းအပြည်ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှာ တော၌ကျိန်ဆို၏။
20:24 အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
20:25 ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက်မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။
20:26 ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှာ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော်သကာများအားဖြင့် ငါညစ်ညူးစေ၏။
20:27 သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ်ပြစ်မှား၍ ရှုတ်ချကြသည်တကား။
20:28 သူတို့အားပေးခြင်းငှာ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ကို ကြည့်ရှု၍၊ ထိုအရပ်တို့၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သောအလှူဒါနကိုတင်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အရည်ပူဇော်သကာ သွန်းလောင်းခြင်းတို့ကို ပြုကြ၏။
20:29 ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာအရပ်ကား၊ အဘယ်သို့နည်းဟု မေးသော်လည်း၊ ယနေ့တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည်ဖြင့် သမုတ်ကြ၏။
20:30 သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကိုပြု၍ မှားယွင်းလျက်၊
20:31 ပူဇော်သကာ ပြုသဖြင့်လည်းကောင်း၊ ကိုယ်သားတို့ကိုမီးဖြင့် ပူဇော်သဖြင့်လည်းကောင်း၊ ယနေ့တိုင်အောင် ရုပ်တုအပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက်ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။
20:32 ငါတို့သည် တစ်ပါးအမျိုးသားကဲ့သို့လည်းကောင်း၊ သစ်သားဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သားများ ကဲ့သို့လည်းကောင်း ဖြစ်မည်ဟု၊ သင်တို့ကြံစည်သည်အတိုင်း အကြံမမြောက်ရ။
20:33 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသောလက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။
20:34 သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ကို အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသော ဒေါသအရှိန်နှင့် ငါဆောင်ခဲ့၍ စုဝေးစေမည်။
20:35 လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကျ တရားတွေ့မည်။
20:36 အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရားတွေ့မည်။
20:37 နှင်တံအောက်မှာ လျှောက်သွားစေ၍၊ ပဋိညာဉ်အချည်အနှောင်ကို ခံစေမည်။
20:38 ငါ့ကိုပုန်ကန်၍ ပြစ်မှားသောသူတို့ကို သင်တို့ထဲကနုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
20:39 အို ဣသရေလအမျိုးသားတို့၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သွားကြလော့။ အသီးအသီး မိမိတို့ရုပ်တုများကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တစ်ဖန် ငါ့စကားကိုနားမထောင်သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သကာများနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။
20:40 အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလအမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အားဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်းလက်ခံ၍၊ ထိုအရပ်၌ သင်တို့ပြုသောပူဇော်သကာများ၊ အဦးသီးသော အသီးတွင် ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။
20:41 သင်တို့သည် ကွဲပြားလျက်နေသော အတိုင်းတိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့် တစ်ပါးအမျိုးသားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။
20:42 သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှာ၊ ကျိန်ဆိုသော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
20:43 သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှုရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။
20:44 အို ဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက်များ၊ သင်တို့ဆိုးညစ်သော အကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမကိုထောက်၍ စီရင်သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
20:45 တစ်ဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
20:46 အချင်းလူသား၊ တောင်ဘက်သို့မျက်နှာပြုလျက်၊ တောင်မျက်နှာတစ်ဖက်၌ မြွက်ဆို၍၊ တောင်ပြည်၌ရှိသော တောတစ်ဖက်၌ ဟောပြောလော့။
20:47 အရှင်ထာဝရဘုရား၏အမိန့်တော်ကို တောင်ပြည်၌ရှိသောတောအား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက်သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင် မြေတစ်ပြင်လုံးလောင်လိမ့်မည်။
20:48 ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါအပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည်မငြိမ်းရဟု မိန့်တော်မူ၏။
20:49 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည်မဟုတ်လောဟု၊ အကျွန်ုပ်ကိုရည်မှတ်၍ ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။