Ezekiel 21
21:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21:2 အချင်းလူသား၊ ယေရုရှလင်မြို့ကိုမျက်နှာပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တစ်ဖက်၌ မြွက်ဆို၍ ဣသရေလပြည်တစ်ဖက်၌ ဟောပြောလော့။
21:3 အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလပြည်အားဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကိုရန်ဘက်ပြုလျက်၊ ငါ့ဓားကိုဓားအိမ်မှထုတ်၍၊ သင်၌တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။
21:4 ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်း ရှိသောကြောင့်၊ ငါ့ဓားသည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။
21:5 ငါထာဝရဘုရားသည် ငါ့ဓားကို သူ့အိမ်မှထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုဓားသည် နောက်တစ်ဖန် အိမ်သို့ မပြန်ရ။
21:6 သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။
21:7 သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွားသနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူအပေါင်းတို့သည် ကြောက်အားကြီး၍ လက်အားလျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။ အမှုလာ၍ ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
21:8 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21:9 အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ဓားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။
21:10 ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှာ သွေးလေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှာလည်း ပွတ်လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုဓားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။
21:11 သုံးစရာဖို့ ပွတ်စေခြင်းငှာ အပ်ထားပြီ။ လုပ်ကြံသောသူ၌အပ်ခြင်းငှာ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။
21:12 အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏လူတို့၌ ရောက်လိမ့်မည်။ ဣသရေလမင်းသား အပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ဓား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။
21:13 စုံစမ်းခြင်းအမှုဖြစ်၏။ ဓားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21:14 သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍လက်ခုပ်တီးလော့။ ဓားတော်သည် နှစ်ခေါက်၊ သုံးခေါက်ရောက်ရ၏။ သူရဲဓား၊ အားကြီးသော သူရဲဓားဖြစ်၏။ သူတို့ကိုဝန်းရံသောဓားဖြစ်၏။
21:15 သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှာ၊ ဓားဘေးကို မြို့တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ဓားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဖို့ ပွတ်ထားလျက်ရှိ၏။
21:16 စုဝေးလော့။ လက်ယာဘက်သို့ ခုတ်လော့။ ပြင်ဦးလော့။ လက်ဝဲဘက်အစရှိသော သင်၏အသွားမျက်နှာပြုသမျှဘက်သို့ ခုတ်လော့။
21:17 ငါသည်လည်း လက်ချင်းရိုက်၍၊ ငါ့ဒေါသအရှိန်ကိုငြိမ်းစေမည်။ ထိုသို့ ငါထာဝရဘုရားမိန့်တော်မူပြီ။
21:18 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
21:19 အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ဓားသွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်းတို့သည် ပြည်တစ်ပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တစ်ခုကို ရွေးလော့။
21:20 အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့လည်းကောင်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့လည်းကောင်း၊ ဓားရောက်ရာလမ်းကို မှတ်သားလော့။
21:21 ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှာ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြားတို့ကို ရောနှော၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု၏။
21:22 ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှာလည်းကောင်း၊ လုပ်ကြံခြင်းအမှုကိုမှာထားစေခြင်းငှာလည်းကောင်း၊ ကြွေးကြော်အော်ဟစ် စေခြင်းငှာလည်းကောင်း၊ မြို့တံခါးတစ်ဖက်တစ်ချက်ဝက်ခွတိုင်၌ တုံးတို့ကိုဆွဲထားစေခြင်းငှာလည်းကောင်း၊ မြေရိုးကိုဖို့စေခြင်းငှာလည်းကောင်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှာလည်းကောင်း၊ လက်ယာဘက်၌ ယေရုရှလင်မြို့အဖို့ ဗေဒင်တွက်၍ နေရာကျ၏။
21:23 သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင်တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ကိုဖမ်းမိလိုသောငှာ၊ သူတို့ပြစ်မှားသောအပြစ်ကို အောက်မေ့လိမ့်မည်။
21:24 သို့ဖြစ်၍၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည်တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက်အပြစ်ကို သူတစ်ပါးအောက်မေ့စေ၍၊ မိမိတို့လွန်ကျူးခြင်း အမှုများကိုဖော်ပြလျက်၊ မိမိတို့ကို သူတစ်ပါး အောက်မေ့စေသောကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။
21:25 အချင်းဆိုးယုတ်သော အဓမ္မဣသရေလမင်းသား၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။
21:26 ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တစ်ဖန် မရှိရ။ နိမ့်သောသူကို ချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။
21:27 နိုင်ငံကို ဆုံးရှုံးစေခြင်းငှာလည်းကောင်း၊ အစိုးပိုင်သောသူ မရောက်မီတိုင်အောင်လည်းကောင်း ငါမှောက်လှန်မည်။ မှောက်လှန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သောသူ၌ ငါအပ်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
21:28 အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကိုလည်းကောင်း၊
21:29 သူတို့ကဲ့ရဲ့ခြင်းကိုလည်းကောင်း ရည်မှတ်၍မိန့်တော်မူသောစကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မအမှုကြောင့် ဆုံးရှုံးရသောကာလရောက်၍ အပြစ်ဒဏ်ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသော အဓမ္မလူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကို နေရာကျစေခြင်းငှာ၊ သင့်အဖို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသားစကားကို ဟောပြောစဉ်တွင်၊ ဓားတော်သည် လုပ်ကြံဖို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဖို့ရာ အရောင်တောက်သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။
21:30 သင့်ဓားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါဖန်ဆင်းသောအရပ်၊ မွေးဖွားရာဌာန၌ သင့်ကို ငါစီရင်မည်။
21:31 သင့်အပေါ်သို့ ငါ့အမျက်ကိုငါသွန်းလောင်းမည်။ ငါ့ဒေါသမီးဖြင့် သင့်ကိုမှုတ်မည်။ ကြမ်းတမ်းသောသဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့ အပ်မည်။
21:32 သင်သည် မီးမွေးဖို့ထင်းဖြစ်ရလိမ့်မည်။ သင့်အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။