Ezekiel 23
23:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
23:2 အချင်းလူသား၊ အမိမကွဲပြားသော ညီအစ်မနှစ်ယောက် ရှိ၏။
23:3 သူတို့သည် အသက်ငယ်စဉ်အခါ၊ အဲဂုတ္တုပြည်၌ မတရားသောမေထုန်ကို ပြုကြ၏။ ထိုပြည်၌ သူတို့၏သားမြတ်ကို ပွတ်နယ်၍ အပျိုမအသရေကို ရှုတ်ချကြ၏။
23:4 အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။
23:5 အဟောလသည် ငါ၏ခင်ပွန်းဖြစ်စဉ်အခါ၊ မတရားသော မေထုန်ကိုပြု၏။
23:6 မိမိရည်းစားတည်းဟူသော၊ ပြာသောအဝတ်ကို ဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသား ဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
23:7 ထိုအာရှုရိ လူကောင်းလူမြတ်အပေါင်းတို့နှင့် မတရားသောမေထုန်ကို ပြု၏။ တပ်မက်သောသူအပေါင်းတို့၏ ရုပ်တုများနှင့် ကိုယ်ကို ညစ်ညူးစေ၏။
23:8 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ သူနှင့်သင့်နေ၍၊ အပျိုမအသရေကို ရှုတ်ချသဖြင့်၊ အထပ်ထပ် မတရားသောမေထုန်ကို ပြုကြသည်နှင့်အညီ၊ အဲဂုတ္တုမေထုန်ကိုလည်း မစွန့်ပစ်၊ မှီဝဲလျက်နေ၏။
23:9 ထိုကြောင့်၊ သူတပ်မက်သော ရည်းစား၊ အာရှုရိလူတို့၌ သူ့ကိုငါအပ်၍၊
23:10 သူတို့သည် အဝတ်ကို ချွတ်ကြ၏။ သူ၏သားသမီးတို့ကို သိမ်းသွား၍၊ သူ့ကို ဓားနှင့် ကွပ်မျက်ကြ၏။ ထိုသို့ အပြစ်စီရင်ခြင်းကို ခံရသောအားဖြင့်၊ မိန်းမတကာတို့တွင် ကျော်စောသောမိန်းမဖြစ်လေ၏။
23:11 ထိုအမှုကို ညီမအဟောလိဗသည် မြင်သောအခါ၊ အစ်မထက်သာ၍ တပ်မက်သောစိတ်ရှိသည်နှင့်၊ အစ်မထက်သာ၍ မတရားသောမေထုန်ကို ပြု၏။
23:12 တင့်တယ်သော အဝတ်ကိုဝတ်သော မိမိအိမ်နီးချင်း အာရှုရိအမျိုးသားဗိုလ်မင်း၊ ဝန်မင်း၊ ချစ်ဖွယ်သောလူပျို၊ မြင်းစီးသူရဲတို့ကို တပ်မက်၏။
23:13 ထိုအခါ သူသည် ညစ်ညူးကြောင်းနှင့်၊ အစ်မလိုက်သောလမ်းသို့ လိုက်ကြောင်းကို ငါသိမြင်၏။
23:14 အထူးသဖြင့် မတရားသောမေထုန်ကို ပြုသောအကြောင်းအရာ ဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ထူးဆန်းသောပန်းဆိုးခေါင်းပေါင်းကို ပေါင်းလျက်၊ မွေးဖွားရာဌာန ခါလဒဲပြည် ဗာဗုလုန်မြို့သားကဲ့သို့၊ မင်း၏အသွင်ကို ဆောင်လျက်၊
23:15 အုတ်ထရံ၌ ဟင်္သာပဒါးနှင့်ရေးသော ခါလဒဲလူ၏ရုပ်ပုံတို့ကို မြင်သောအခါ၊
23:16 တပ်မက်သောစိတ်ရှိ၍၊ ခါလဒဲပြည်သို့ တမန်ကိုစေလွှတ်လေ၏။
23:17 ဗာဗုလုန်မြို့သားတို့သည် သူနှင့် သံဝါသပြုရာခုတင်သို့ လာ၍၊ မတရားသောမေထုန်ကိုပြုသောအားဖြင့် ညစ်ညူးစေကြ၏။ သူသည်လည်း ထိုသူတို့ကို ရွံရှာသည်တိုင်အောင် ညစ်ညူးခြင်းကို ခံလေ၏။
23:18 ထိုသို့ မတရားသော မေထုန်ကိုပြုခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားဖော်ပြသောကြောင့်၊ ငါသည် သူအစ်မကို ရွံရှာသကဲ့သို့၊ သူ့ကိုလည်းရွံရှာ၏။
23:19 အသက်ငယ်စဉ်အခါ အဲဂုတ္တုပြည်၌ မှားယွင်းသောကာလကို အောက်မေ့သဖြင့်၊ မှားယွင်းခြင်းကို အထပ်ထပ်ပြု၏။
23:20 မြည်းအင်္ဂါနှင့်တူသောအင်္ဂါ၊ မြင်းသုက်ရည်နှင့်တူသော သုက်ရည်ရှိသော ထိုရည်းစားတို့ကိုပင် တပ်မက်လေသည်တကား။
23:21 သို့ဖြစ်၍၊ အို အဟောလိဗ၊ အဲဂုတ္တုလူတို့သည် သင့်အသရေကိုရှုတ်ချ၍၊ အပျိုမသားမြတ်တို့ကို ပွတ်နယ်ကြသဖြင့်၊ သင်အသက်ငယ်စဉ်အခါ သင်ပြုသောအဓမ္မအမှုကို အထပ်ထပ်ပြုသောကြောင့်၊
23:22 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်ရွံရှာသောရည်းစားတို့ကို ငါထစေပြီးလျှင်၊ အရပ်ရပ်တို့ကလာ၍ တိုက်စေမည်။
23:23 အာရှုရိလူများနှင့်တကွ အကြီးအကဲ၊ သူဌေးသူကြွယ်၊ ထင်ရှားသောသူဖြစ်သော ဗာဗုလုန်လူ၊ ခါလဒဲလူများတည်းဟူသော၊ ချစ်ဖွယ်သော လူပျို၊ ဗိုလ်မင်း၊ ဝန်မင်း။ မှူးကြီးမတ်ကြီး၊ မြင်းစီးသူရဲအပေါင်းတို့သည်၊
23:24 စစ်တိုက်လက်နက်နှင့် လှည်းရထားပါလျက်၊ လူအလုံးအရင်းနှင့်တကွ လာ၍ ဒိုင်း၊ လွှား၊ သံခမောက်လုံးတို့ကို သင့်ပတ်လည်၌ ခင်းကျင်းကြလိမ့်မည်။ တရားစီရင်သောအခွင့်ကို သူတို့၌ငါအပ်ပေး၍၊ သူတို့သည် မိမိထုံးစံအတိုင်း စီရင်ကြလိမ့်မည်။
23:25 သူတို့သည် သင့်ကို မယုံမည်အကြောင်း၊ ငါပြု၍ သင့်ကို ကြမ်းတမ်းစွာ စီရင်ကြလိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကိုဖြတ်၍ အကျန်အကြွင်းကို ဓားနှင့် စဉ်းကြလိမ့်မည်။ သင်၏သားသမီးတို့ကို သိမ်းသွား၍၊ ကျန်ကြွင်းသော သူတို့ကို မီးရှို့ကြလိမ့်မည်။
23:26 သင့်အဝတ်ကိုလည်း ချွတ်၍၊ တင့်တယ်သောတန်ဆာတို့ကို သိမ်းယူကြလိမ့်မည်။
23:27 ထိုသို့သင်သည် နောက်တစ်ဖန် မျှော်မကြည့်၊ အဲဂုတ္တုပြည်ကို မအောက်မေ့စေခြင်းငှာ၊ သင်ပြုသောအဓမ္မအမှုနှင့် အဲဂုတ္တုပြည်မှပါသော အဓမ္မမေထုန်ကိုငါငြိမ်းစေမည်။
23:28 တစ်ဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်မုန်းသောသူ၊ သင်ရွံရှာသော သူတို့လက်သို့ သင့်ကိုငါအပ်သဖြင့်၊
23:29 သူတို့သည် မုန်းသည်အတိုင်းပြုလျက်၊ သင်ကြိုးစား၍ ဆည်းပူးသမျှသော ဥစ္စာတို့ကိုသိမ်းယူ၍၊ သင့်ကိုယ်၌ အဝတ်မရှိ၊ အချည်းစည်း ရှိရစ်စေကြလိမ့်မည်။ သင်မှားယွင်း၍ အချည်းစည်းရှိခြင်း၊ အဓမ္မအမှုကိုပြုခြင်း၊ မတရားသောမေထုန်သို့ လိုက်ခြင်းအရာသည် ထင်ရှားရလိမ့်မည်။
23:30 သင်သည် တစ်ပါးအမျိုးသားတို့နှင့် မှားယွင်း၍၊ သူတို့ရုပ်တုများနှင့် ညစ်ညူးသောကြောင့်၊ ထိုသို့ ငါစီရင်မည်။
23:31 သင်သည် အစ်မလိုက်သောလမ်းကို လိုက်သောကြောင့်၊ သူသောက်သောခွက်ကို သင့်လက်၌ ငါထားမည်။
23:32 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အစ်မသောက်သောခွက်၊ ကျယ်၍ဇောက်နက်သောခွက်ကို သင်သောက်ရမည်။ ထိုခွက်၌ များစွာဝင်သည်ဖြစ်၍၊ သင်သည် ကဲ့ရဲ့ခြင်းနှင့် ပျက်ချော်ခြင်းကို ခံရမည်။
23:33 သင့်အစ်မရှမာရိ သောက်သောခွက်၊ မှိုင်တွေစေသောခွက်ကို သောက်၍၊ ယစ်မူးခြင်း၊ ညှိုးငယ်ခြင်းနှင့် ဝရလိမ့်မည်။
23:34 ထိုခွက်ကို သောက်၍စုတ်ပြီးမှ ခွက်ခြမ်းကို ကိုက်ခဲ၍၊ ကိုယ်သားမြတ်တို့ကို ဆွဲဖြတ်ရလိမ့်မည်။ ငါပြောပြီဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
23:35 သို့ဖြစ်၍၊ သင်သည် ငါ့ကိုမေ့လျော့၍၊ သင့်ကျောနောက်သို့ ငါ့ကိုပစ်လိုက်သောကြောင့်၊ သင်သည် အဓမ္မအမှုနှင့် မတရားသော မေထုန်အမှု၏အပြစ်ကိုခံလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
23:36 တစ်ဖန် ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ အချင်းလူသား၊ သင်သည်အဟောလနှင့် အဟောလိဗတို့ကို စစ်ကြောလော့။ အကယ်စင်စစ် သူတို့ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ဖော်ပြရမည်။
23:37 အကြောင်းမူကား၊ သူတို့သည် မျောက်မထားကြပြီ။ လူအသက်ကို သတ်သောအပြစ်ရှိကြ၏။ ရုပ်တုတို့နှင့်ပင် မျောက်မထားကြပြီ။ ငါ့အဖို့ ဖွားမြင်သောသားတို့ကိုပင် ရုပ်တုစားစရာဖို့ မီးဖြင့်ပူဇော်ကြပြီ။
23:38 ထိုမှတစ်ပါး၊ ငါ၌ပြုသောအမှုဟူမူကား၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြပြီ။
23:39 ကိုယ်သားသမီးတို့ကို ရုပ်တုရှေ့တွင်သတ်ပြီးမှ၊ ထိုနေ့ချင်းတွင် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေခြင်းငှာ လာကြ၏။ ထိုသို့ ငါ့အိမ်တော်အလယ်၌ ပြုကြပြီတကား။
23:40 ထိုမှတစ်ပါး၊ သင်သည် တမန်တို့ကို စေလွှတ်၍၊ ဝေးသောအရပ်မှ ယောက်ျားတို့ကိုခေါ်၍ သူတို့သည် လာကြ၏။ သူတို့အဖို့ သင်သည် ရေချိုးခြင်း၊ မျက်စိ၌ ဆေးထိုးခြင်း၊ တန်ဆာဆင်ခြင်းကိုပြုပြီးလျှင်၊
23:41 အသရေရှိသော ခုတင်ပေါ်၌ထိုင်၍၊ ငါ့နံ့သာပေါင်းနှင့် ငါ့ဆီကို တင်သောစားပွဲကို ခုတင်ရှေ့မှာ ခင်းလေ၏။
23:42 ပျော်မွေ့လျက်နေသော လူအလုံးအရင်း မြည်သံကိုလည်း ကြားရ၏။ အခြားသောသူအများတို့နှင့်အတူ တောကလာ၍၊ လက်၌ လက်ကောက်၊ ခေါင်း၌ တင့်တယ်သောသရဖူကို ဆောင်းသော သေသောက်ကြူးတို့လည်း ပါကြ၏။
23:43 ငါကလည်း၊ ထိုသူတို့သည် ဤမိန်းမနှင့်ပင် အကယ်၍ မတရားသောမေထုန်ကို ပြုကြလိမ့်မည်လောဟု၊ အိုသည်တိုင်အောင် ပြည့်တန်ဆာလုပ်သော ထိုမိန်းမကို ရည်မှတ်၍ဆိုသော်၊
23:44 ပြည့်တန်ဆာမိန်းမရှိရာသို့ ယောက်ျားဝင်တတ်သကဲ့သို့၊ သူတို့သည် ထိုအဓမ္မမိန်းမအဟောလနှင့် အဟောလိဗရှိရာသို့ ဝင်ကြ၏။
23:45 သို့ဖြစ်၍၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမဖြစ်သောကြောင့်၊ မျောက်မထားသောမိန်းမ၊ လူအသက်ကိုသတ်သော မိန်းမကို စီရင်သကဲ့သို့၊ ဖြောင့်မတ်သောသူတို့သည် စီရင်ကြလိမ့်မည်။
23:46 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုမိန်းမရှိရာသို့ လူအလုံးအရင်းကို ငါချီစေ၍၊ လုယက်သိမ်းသွားစေခြင်းငှာ အခွင့်ပေးမည်။
23:47 ထိုအလုံးအရင်းသည် မိန်းမတို့ကို ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ်တို့ကိုလည်း မီးရှို့ကြလိမ့်မည်။
23:48 ထိုသို့ အခြားသော မိန်းမရှိသမျှတို့သည် သင်တို့ကဲ့သို့ အဓမ္မအမှုကိုမပြုဘဲ သတိရစေခြင်းငှာ၊ သင်တို့ အဓမ္မအမှုကို တစ်ပြည်လုံး၌ ငါပယ်ရှင်းမည်။
23:49 လူအလုံးအရင်းသည် သင်တို့ အဓမ္မအမှု၏အပြစ်နှင့်အလျောက်စီရင်၍၊ သင်တို့သည် ရုပ်တုများနှင့်ဆိုင်သော အပြစ်ကိုခံရလျက်၊ ငါသည် အရှင်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။