Ezekiel 24
24:1 သက္ကရာဇ်ကိုးခု၊ ဒသမလဆယ်ရက်နေ့တွင်၊ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
24:2 အချင်းလူသား၊ ဤမည်သောနေ့၊ ယခုနေ့ရက်ကိုမှတ်လော့။ ယခုနေ့၌ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့ကို ဝိုင်းထားစပြု၏။
24:3 ပုန်ကန်တတ်သော အမျိုးအားလည်း ပုံစကားတည်းဟူသော၊ အရှင်ထာဝရဘုရား မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ အိုးကင်းကို မီးဖို၌တင်ထား၍ ရေကိုလောင်းလော့။
24:4 အမဲသားတစ်များ၊ ကောင်းသောအတစ်တို့ကို စုထား၍၊ ပေါင်၊ ပခုံး၊ အစရှိသော အကောင်းဆုံးသောအရိုးတို့ကို အိုးကင်း၌ အပြည့်ထည့်လော့။
24:5 သိုးအကောင်းဆုံးတို့ကို ယူပြီးလျှင်၊ အရိုးအချို့တို့ကို အိုးကင်းအောက်မှာပုံ၍၊ အိုးကင်းထဲမှာ အရိုးတို့ကို ကျက်စေခြင်းငှာ၊ ကျပ်ကျပ်ဆူစေလော့။
24:6 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူအသက်ကို သတ်တတ်သောမြို့၊ သံချေးတက်၍ ရှိသေးသော အိုးကင်းသည် အမင်္ဂလာရှိ၏။ သားတစ်တို့ကို တစ်ခုနောက်တစ်ခု ထုတ်လော့။ စာရေးတံမပြုနှင့်။
24:7 အကြောင်းမူကား၊ ထိုမြို့သတ်သောသူ၏ အသွေးသည် မြို့အလယ်၌ရှိ၏။ ထိုအသွေးကို မြေမှုန့်နှင့်ဖုံးခြင်းငှာ မြေပေါ်မှာ သွန်းသည်မဟုတ်၊ ရှင်းလင်းသော ကျောက်ပေါ်မှာ တင်ထားပြီ။
24:8 ငါသည်လည်း အပြစ်ဒဏ်ပေးမည်အကြောင်း၊ ဒေါသအမျက်ထွက်စေခြင်းငှာ၊ ထိုအသွေးကိုမဖုံးဘဲ ရှင်းလင်းသောကျောက်ပေါ်မှာ တင်ထားပြီ။
24:9 ဤအမှု၌ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူအသက်ကို သတ်တတ်သောမြို့သည် အမင်္ဂလာရှိ၏။ ကြီးစွာသောမီးပုံကို ငါစီရင်မည်။
24:10 ထင်းများကိုပုံထား၍ မီးရှို့လော့။ အမဲသားလျော့၍ မြိန်စွာသော စားဖွယ်ဖြစ်စေလော့။ အရိုးတို့ကိုလည်းကျွမ်းစေ။
24:11 ထိုနောက်၊ အဘယ်အရာမျှမပါဘဲ မီးခဲပေါ်မှာ တင်ထားလော့။ ကြေးနီပူ၍ မီးတောက်စေ။ အိုးကင်း၌ပါသောအညစ်အကြေးကို အရည်ကျို၍ သံချေးကုန်စေ။
24:12 ကြိုးစား၍ပင်ပန်းသော်လည်း၊ များစွာသော သံချေးမထွက်တတ်။ မီးအားဖြင့် မကုန်တတ်။
24:13 သင်၏အညစ်အကြေး၌ အဓမ္မအမှုပါ၏။ ငါဆေးကြော၍ သင်သည် ဆေးကြောခြင်းကို မခံသောကြောင့်၊ ငါ၏အမျက်အရှိန်သည် သင့်အပေါ်သို့မရောက်မချင်းတိုင်အောင်၊ သင်၏အညစ်အကြေးကို မဆေးကြောရ။
24:14 ငါထာဝရဘုရားပြောပြီ။ ပြောသည်အတိုင်း ငါပြု၍ပြည့်စုံစေမည်။ နောက်သို့မဆုတ်၊ မနှမြော၊ နောင်တမရ၊ သင်ကျင့်ကြံပြုမူသမျှ အတိုင်း၊ ငါစီရင်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
24:15 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
24:16 အချင်းလူသား၊ သင်ကြည့်ရှုလိုဖွယ်သောသူကို ငါသည် ဒဏ်ခတ်၍ ပယ်ရှားမည်။ သို့ရာတွင်၊ သင်သည် ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။ မျက်ရည်မကျရ။
24:17 တိုးတိုးညည်းတွားလော့။ သေသောသူအတွက် မြည်တမ်းခြင်းကို မပြုနှင့်။ ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကိုစီးလော့။ နှုတ်ကိုမဖုံးနှင့်။ ဆင်းရဲသောသူ၏ အစာကိုမစားနှင့်ဟု မိန့်တော်မူ၏။
24:18 ထိုသို့ငါသည် နံနက်အချိန်၌ လူများတို့အားကြားပြော၏။ ညဥ့်ဦးအချိန်၌ ငါ့ခင်ပွန်းသည်သေ၏။ မှာထားတော်မူသည်အတိုင်း နက်ဖြန်နံနက်မှငါပြု၏။
24:19 လူများတို့ကလည်း ဤသို့သင်ပြုသောအမှုသည် ငါတို့နှင့် အဘယ်သို့ဆိုင်သနည်း။ ငါတို့အားမပြောသလောဟု ငါ့အားမေးကြသော်၊
24:20 ငါက၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
24:21 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးအားဆင့်ဆိုရမည်မှာ၊ ငါ၏သန့်ရှင်းရာဌာန၊ သင်တို့အစွမ်းသတ္တိ အထွဋ်အမြတ်၊ သင်တို့ကြည့်ရှုလိုဖွယ်သောအရာ၊ အလွန်နှမြောသောအရာကို ငါရှုတ်ချမည်။ သင်တို့ဖွားမြင်သော သားသမီးတို့သည် ဓားဖြင့်ဆုံးကြလိမ့်မည်။
24:22 ထိုအခါ သင်တို့သည် ငါပြုသကဲ့သို့ ပြုရကြလိမ့်မည်။ နှုတ်ကိုမဖုံး၊ ဆင်းရဲသောသူတို့၏ အစာကို မစားရကြ။
24:23 ခေါင်းပေါင်း ပေါင်း၍ ခြေနင်းကို စီးရကြလိမ့်မည်။ ငိုကြွေးမြည်တမ်းခြင်းကို မပြုရကြ။ ကိုယ်အပြစ်ကြောင့် ပိန်ကြုံ၍ တစ်ယောက်ကိုတစ်ယောက် ညည်းတွားရကြလိမ့်မည်။
24:24 ထိုသို့ ယေဇကျေလသည် သင်တို့အားပုပ္ပနိမိတ်ဖြစ်ရ၏။ သူပြုသမျှအတိုင်း သင်တို့သည်၊ အမှုရောက်သောအခါပြု၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိရကြလိမ့်မည်။
24:25 အချင်းလူသား၊ သင်၏အမှုမူကား၊ သူတို့အစွမ်းသတ္တိ၊ ဝါကြွားစရာဘုန်း၊ ကြည့်ရှုလိုဖွယ်သောအရာ၊ စိတ်စွဲလမ်းသောအရာကိုလည်းကောင်း၊ သားသမီးတို့ကိုလည်းကောင်း ငါပယ်ရှားသောအခါ၊
24:26 လွတ်သောသူ တစ်စုံတစ်ယောက်သည် သင်ရှိရာသို့ရောက်လာ၍ ကြားပြောလိမ့်မည်။
24:27 ထိုအခါ လွတ်လပ်သောသူနှင့်တွေ့သဖြင့် သင်၏နှုတ်ပွင့်လိမ့်မည်။ စကားမပြောဘဲနေချိန်လွန်၍ ဟောပြောရလိမ့်မည်။ ထိုသို့သင်သည် သူတို့အားပုပ္ပနိမိတ်ဖြစ်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။