Ezekiel 25
25:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
25:2 အချင်းလူသား၊ သင်သည် အမ္မုန်အမျိုးသားတို့တစ်ဖက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊
25:3 ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏သန့်ရှင်းရာဌာနကိုလည်းကောင်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသရေလပြည်ကိုလည်းကောင်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
25:4 သင့်ကို အရှေ့ပြည်သားတို့အား ငါအပိုင်ပေးမည်။ သူတို့သည် သင်၏အထဲ၌ ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီးအနှံကိုစား၍ သင်၏နို့ကိုသောက်ကြလိမ့်မည်။
25:5 ရဗ္ဗာမြို့ကို ကုလားအုတ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာငါဖြစ်စေမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
25:6 သင်သည် ဣသရေလပြည်ကို မနာလိုသောစိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်းကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
25:7 ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဖို့ရာအပ်မည်။ လူနေရာအတိုင်းတိုင်းအပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
25:8 တစ်ဖန် မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုးသည် တစ်ပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟုဆိုသောကြောင့်၊
25:9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။
25:10 ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင် မမှတ်ရ။
25:11 မောဘပြည်ကိုလည်း ငါသည်အပြစ်ဒဏ်စီရင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
25:12 တစ်ဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှာ၊ ယုဒအမျိုးတစ်ဖက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
25:13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့် တိရစ္ဆာန်တို့ကိုပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင်အောင် ဓားဖြင့်ဆုံးရကြလိမ့်မည်။
25:14 ငါ၏လူဣသရေလအမျိုးသားများအားဖြင့်၊ ဧဒုံပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှာ ဒဏ်ပေးမည်။ သူတို့သည် ငါ၏အမျက်အရှိန် အားကြီးသည်အတိုင်း ဧဒုံပြည်ကိုပြုကြလိမ့်မည်။ ငါပေးသောအပြစ်ဒဏ်ကိုသိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
25:15 တစ်ဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလိုသောစိတ်အားကြီးသည်နှင့် ဒေါသအလိုကိုပြည့်စုံစွာပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှာ အပြစ်ဒဏ်ပေးသောကြောင့်၊
25:16 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါတိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီးမည်။
25:17 ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသောအပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ ငါ၏ချင်ရဲပြေစေခြင်းငှာဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။