Ezekiel 36
36:1 တစ်ဖန် အချင်းလူသား၊ ဣသရေလတောင်တို့အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အို ဣသရေလတောင်တို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။
36:2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တစ်ဖက်၌ ဆိုမိသောကြောင့်၊
36:3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊
36:4 အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တစ်ပါးအမျိုးသား အကျန်အကြွင်းတို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသောမြို့တို့အား မိန့်တော်မူသည်ကား၊
36:5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဖို့ ပစ်ထားခြင်းငှာ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသောစိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဖို့ စီရင်သော ဧဒုံအမျိုးသားအပေါင်းတို့နှင့် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ တစ်ဖက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
36:6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် တစ်ပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။
36:7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တစ်ပါးအမျိုးသားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
36:8 အို ဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင်ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဖို့ အသီးကို သီးရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။
36:9 ငါသည် သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ကြဲကြလိမ့်မည်။
36:10 သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသားအပေါင်းတို့ကို ငါပြန့်ပွားစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသောအရပ်များကို ပြုပြင်ကြလိမ့်မည်။
36:11 သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါများပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ်အဆက် ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
36:12 သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏လူဣသရေလအမျိုးသားတို့သည် သွားလာမည်အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကိုသိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တစ်ဖန် သင်တို့ကြောင့် သားမဆုံးရှုံးရကြ။
36:13 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ်အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတစ်ပါးဆိုသောကြောင့်၊
36:14 နောက်တစ်ဖန် သင်သည် လူတို့ကို မကိုက်မစားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36:15 နောက်တစ်ဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့အပြစ်တင်သော စကားကိုမကြားရ။ နောက်တစ်ဖန် ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36:16 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
36:17 အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူသောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာ ဥတုရောက်သော မိန်းမ၏အညစ်အကြေးကဲ့သို့ ဖြစ်၏။
36:18 ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသောအပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။
36:19 အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပျံ့လွင့်စေပြီ။ သူတို့ ကျင့်ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။
36:20 သို့ရာတွင် တစ်ကျွန်းတစ်နိုင်ငံသို့ ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏လူဖြစ်ကြ၏။ ကိုယ်ပြည်မှ ထွက်သွားရကြ၏ဟု သူတစ်ပါးပြောဆိုသဖြင့်၊ ငါ၏နာမမြတ်ကိုရှုတ်ချသောကြောင့်၊
36:21 ဣသရေလအမျိုးသားရောက်ရာ တစ်ကျွန်းတစ်နိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။
36:22 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။
36:23 တစ်ပါးအမျိုးသားတို့ အလယ်၌ သင်တို့ရှုတ်ချသော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြှောက်ရာသို့ ရောက်သောအခါ၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36:24 အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ ပို့ဆောင်မည်။
36:25 သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ဖျန်းသဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
36:26 စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍ အသားနှလုံးကို ပေးမည်။
36:27 ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေးသဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
36:28 ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့သည်နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
36:29 သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှားခြင်းငှာ၊ ဆန်စပါးကိုမှာလိုက်၍ များပြားစေမည်။
36:30 သင်တို့သည် မွတ်သိပ်၍ တစ်ပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။
36:31 ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဖူးသော အကျင့်ဆိုးနှင့် မကောင်းသောအမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။
36:32 သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည်မဟုတ်ဟု သိမှတ်ကြလော့။ အို ဣသရေလအမျိုး၊ ကိုယ်ပြုမိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်းမောတွေဝေလျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
36:33 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက်အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသောအရပ်တို့သည် ပြုပြင်ခြင်းရှိကြလိမ့်မည်။
36:34 လျှောက်သွားသောသူအပေါင်းတို့၏ မျက်မှောက်၌ စွန့်ပစ်ဖူးသော မြေတွင် တစ်ဖန်လယ်လုပ်ကြလိမ့်မည်။
36:35 ထိုအခါ သူတစ်ပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သားတို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
36:36 ထိုအခါ ပျက်စီးသောအရပ်တို့ကို ငါထာဝရဘုရား ပြုပြင်ကြောင်းကိုလည်းကောင်း၊ စွန့်ပစ်သောမြေတွင် လယ်လုပ်ကြောင်းကိုလည်းကောင်း၊ သင်တို့ပတ်လည်၌နေရစ်သော တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။
36:37 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဖို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကို တောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားချင်းတို့ကို များပြားစေမည်။
36:38 ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစုတည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။