Ezekiel 37
37:1 တစ်ဖန် ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ဝိညာဉ်တော်အားဖြင့် ငါ့ကိုပြင်သို့ ဆောင်သွားလျက်၊ အရိုးတို့နှင့် ပြည့်သောချိုင့်အလယ်၌ ထားပြီးလျှင်၊
37:2 ထိုအရိုးတို့ပတ်လည်၌ လျှောက်သွားစေတော်မူ၏။ ထိုချိုင့်မျက်နှာပြင်၌ များစွာသောအရိုးတို့သည်ရှိ၍ အလွန်သွေ့ခြောက်ကြ၏။
37:3 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် အသက်ရှင်နိုင်သလောဟု မေးတော်မူလျှင်၊ ငါက၊ အို အရှင်ထာဝရဘုရား၊ ကိုယ်တော်သိတော်မူသည်ဟု လျှောက်လေ၏။
37:4 ထာဝရဘုရားကလည်း၊ ဤအရိုးတို့အပေါ်မှာ ပရောဖက်ပြု၍ ဟောပြောရမည်မှာ၊ အို သွေ့ခြောက်သော အရိုးတို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ကြလော့။
37:5 ဤသွေ့ခြောက်သော အရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင်တို့အထဲသို့ အသက်ကိုသွင်း၍ သင်တို့သည် အသက်ရှင်ရကြမည်။
37:6 သင်တို့အပေါ်မှာ အကြောတို့ကို ငါတင်၍ အသားကိုတက်စေမည်။ အရေနှင့် ဖုံးလွှမ်း၍၊ အသက်ကို သွင်းသဖြင့် သင်တို့သည် အသက်ရှင်၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု၊
37:7 မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ ပရောဖက်ပြုစဉ်တွင် အသံမြည်၏။ လှုပ်ရှားခြင်းလည်း ရှိ၏။ အရိုးတို့သည် တစ်ခုအနီးသို့တစ်ခု ချဉ်းကြ၏။
37:8 ငါကြည့်ရှုစဉ်တွင် အကြောတို့သည်ပေါ်လာ၍ အသားလည်းတတ်၏။ အရေလည်း ဖုံးလွှမ်း၏။ သို့ရာတွင်၊ အသက်မရှိသေး။
37:9 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို လေအားဆင့်ဆိုရမည်မှာ၊ အို လေ၊ အရပ်လေးမျက်နှာတို့မှလာ၍၊ ဤအသေကောင်တို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု၊
37:10 မှာထားတော်မူသည်အတိုင်း ငါသည်ပရောဖက်ပြု၍၊ လေသည် သူတို့အထဲသို့ဝင်သဖြင့် သူတို့သည် အသက်ရှင်၍၊ အလွန်များသော ဗိုလ်ခြေဖြစ်လျက် မတ်တတ်နေကြ၏။
37:11 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ ဤအရိုးတို့သည် ဣသရေလအမျိုးအပေါင်းဖြစ်ကြ၏။ ငါတို့အရိုးများသည် သွေ့ခြောက်ကြ၏။ မျှော်လင့်စရာမရှိ။ ငါတို့သည် ဆုံးရှုံးကြပြီဟု သူတို့ဆိုတတ်ကြ၏။
37:12 သို့ဖြစ်၍၊ ပရောဖက်ပြုလျက် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍ သင်တို့ကို ထုတ်ပြီးလျှင် ဣသရေလပြည်သို့ ပို့ဆောင်မည်။
37:13 အချင်းငါ၏လူတို့၊ သင်တို့သင်္ချိုင်းတွင်းများကို ငါဖွင့်၍သင်တို့ကို ထုတ်ပြီးလျှင်၊
37:14 အသက်ရှင်စေခြင်းငှာ ငါသည် ကိုယ်အသက်ကို သွင်းပေး၍၊ သင်တို့ကို နေရင်းပြည်၌ နေရာချသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ငါထာဝရဘုရားပြောသည်အတိုင်း ပြည့်စုံကြောင်းကိုလည်း သိရကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
37:15 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
37:16 အချင်းလူသား၊ တုတ်တစ်ချောင်းကိုယူ၍၊ ယုဒအမျိုးနှင့် သူ၏အပေါင်းအဖော် ဣသရေလအမျိုးသားအဖို့ဟု ရေးမှတ်လော့။ တစ်ဖန် တုတ်တစ်ချောင်းကိုယူ၍၊ ယောသပ်အမျိုးနှင့် သူ၏ အပေါင်းအဖော် ဣသရေလအမျိုးသားများအဖို့၊ ဧဖရိမ်တုတ်ပေတည်းဟု ရေးမှတ်လော့။
37:17 ထိုတုတ်နှစ်ချောင်းကို တစ်ချောင်းတည်းဖြစ်စေခြင်းငှာ ပူးထား၍၊ ထိုတစ်ချောင်းတည်းသော တုတ်ကို လက်စွဲလော့။
37:18 သင်၏အမျိုးသားချင်းတို့က၊ ထိုသို့ပြုသော်၊ အဘယ်သို့ဆိုလိုသည်ကို ငါတို့အားမပြောသင့်သလောဟု မေးလျှင်၊
37:19 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ ဧဖရိမ်ကိုင်သော ယောသပ်၏တုတ်နှင့်၊ သူ၏အပေါင်းအဖော် ဣသရေလအမျိုးအနွယ်တို့ကို ငါယူ၍ ယုဒတုတ်နှင့်အတူ ပူးထားပြီးလျှင်၊ တစ်ချောင်းတည်းဖြစ်သော တုတ်ကို ငါလက်စွဲမည်ဟု ဆင့်ဆိုလျက်၊
37:20 သင်ရေးမှတ်သော ထိုတုတ်ကို သူတို့မျက်မှောက်၌ လက်စွဲလျက်နေလော့။
37:21 အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုလည်း ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုးသားတို့ရောက်သော တစ်ပါးအမျိုးသား နေရာအရပ်ရပ်တို့မှ သူတို့ကိုငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သူတို့ကို နေရင်းပြည်သို့ ပို့ဆောင်မည်။
37:22 ထိုပြည်တွင် ဣသရေလတောင်တို့အပေါ်၌ လူတစ်မျိုးတည်းဖြစ်စေ၍၊ ရှင်ဘုရင်တစ်ပါးတည်းသာလျှင် ထိုသူအပေါင်းတို့ကို စိုးစံရလိမ့်မည်။ နောက်တစ်ဖန် သူတို့သည် လူနှစ်မျိုးမဖြစ်ရ။ နှစ်တိုင်းနှစ်ပြည် ကွဲပြားလျက်မရှိရ။
37:23 နောက်တစ်ဖန် သူတို့ရုပ်တုများ၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများ၊ လွန်ကျူးခြင်းအမှုများနှင့် ကိုယ်ကို မညစ်ညူးစေရကြ။ သူတို့ပြစ်မှားလေရာရာ အရပ်တို့မှ ငါကယ်နုတ်၍ သန့်ရှင်းစေမည်။ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်မည်။
37:24 ငါ၏ကျွန်ဒါဝိဒ်သည် သူတို့၏ ရှင်ဘုရင်ဖြစ်၍၊ ထိုသူအပေါင်းတို့သည် သိုးထိန်းတစ်ဦးတည်း ရှိကြလိမ့်မည်။ ငါစီရင်ထုံးဖွဲ့ချက် တရားလမ်းသို့လိုက်၍ စောင့်ရှောက်ကြလိမ့်မည်။
37:25 ငါ၏ကျွန်ယာကုပ်အားငါပေး၍၊ သင်တို့ ဘိုးဘေးများနေဖူးသော ပြည်၌ သူတို့နှင့် သားမြေးအစဉ်အဆက်တို့သည် နေကြလိမ့်မည်။ ငါ၏ကျွန်ဒါဝိဒ်သည်လည်း သူတို့ကို အစဉ်အမြဲစိုးစံလိမ့်မည်။
37:26 ထိုမှတစ်ပါး၊ သူတို့နှင့်မိတ်သဟာယပဋိညာဉ်ကို ငါဖွဲ့၍၊ ထိုပဋိညာဉ်သည် နိစ္စထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။ သူတို့ကိုနေရာချ၍ များပြားစေမည်။ ငါ၏သန့်ရှင်းရာဌာနကို သူတို့အလယ်၌ အစဉ်အမြဲထားမည်။
37:27 ငါ၏ဗိမာန်တော်သည်လည်း သူတို့၌ရှိ၍၊ ငါသည် သူတို့၏ ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်လိမ့်မည်။
37:28 ထိုသို့ ငါ၏သန့်ရှင်းရာဌာနသည် သူတို့အလယ်၌ အစဉ်အမြဲတည်သောအခါ၊ ငါထာဝရဘုရားသည် ဣသရေလအမျိုးကို သန့်ရှင်းစေသည်ဟု တစ်ပါးအမျိုးသားတို့သည် သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။