Ezekiel 44
44:1 ထိုနောက်၊ သန့်ရှင်းရာအရပ်အရှေ့သို့ မျက်နှာပြုသော ပြင်တံခါးသို့ဆောင်သွား၍၊ ထိုတံခါးသည် ပိတ်လျက်ရှိ၏။
44:2 ထာဝရဘုရားကလည်း၊ ဤတံခါးကိုမဖွင့်ဘဲ ပိတ်ထားလျက်ရှိရမည်။ လူများမဝင်ရကြ။ အကြောင်းမူကား၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားဝင်တော်မူသောကြောင့် ပိတ်ထားလျက်ရှိရမည်။
44:3 မင်းသားအဖို့ဖြစ်၏။ မင်းသားသည် ထာဝရဘုရားရှေ့တော်၌ စားသောက်၍ ထိုတံခါးဝမှာ ထိုင်ရလိမ့်မည်။ မင်းသားသည် ထိုတံခါးမုခ်ဖြင့် ထွက်ဝင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
44:4 ထိုအခါ အိမ်တော်ရှေ့၊ မြောက်တံခါးလမ်းဖြင့် ငါ့ကိုဆောင်သွား၍ ထာဝရဘုရား၏ဘုန်းတော်သည် ထာဝရဘုရား၏အိမ်တော်ကို ဖြည့်တော်မူသဖြင့်၊ ငါသည်ပျပ်ဝပ်လျက်နေ၏။
44:5 ထာဝရဘုရားကလည်း၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှု၍ မှတ်လော့။ ထာဝရဘုရား၏ အိမ်တော်အဖို့ ငါစီရင်ထုံးဖွဲ့ချက် ပညတ်တရားရှိသမျှတို့ကို နားထောင်လော့။ အိမ်တော်ဝင်ရာတံခါးဝနှင့် သန့်ရှင်းရာဌာနမှ ထွက်ရာတံခါးဝရှိသမျှတို့ကို စေ့စေ့မှတ်လော့။
44:6 ပုန်ကန်တတ်သောသူ ဣသရေလအမျိုးသားတို့အား အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ အို ဣသရေလအမျိုးသားတို့၊
44:7 သင်တို့သည် ငါ့ဘောဇဉ်တည်းဟူသော ဆီဥနှင့်အသွေးကို ပူဇော်သောအခါ၊ ငါ့ဗိမာန်ကိုညစ်ညူးစေခြင်းငှာ၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကို မခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားတို့ကို ငါ၏သန့်ရှင်းရာဌာနထဲသို့ သွင်း၍နေရာချသဖြင့်၊ စက်ဆုပ်ရွံရှာဖွယ်သော အမှုများကိုပြုမိသည်ဖြစ်၍၊ ရောင့်ရဲသောစိတ်ရှိကြလော့။ စက်ဆုပ်ရွံရှာဖွယ်သောအမှုများအားဖြင့် ငါ့ပဋိညာဉ်ကို ဖျက်ကြပြီ။
44:8 ငါ၏သန့်ရှင်းရာဌာနကို မစောင့်။ ထိုဌာန၌ စောင့်သောသူတို့ကို ကိုယ်အလိုအလျောက်ခန့်ထားကြပြီ။
44:9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသားတို့တွင်နေ၍၊ အရေဖျားလှီးခြင်းကို မခံသောစိတ်နှင့် အရေဖျားလှီးခြင်းကိုမခံသောကိုယ်ရှိသော တစ်ပါးအမျိုးသားသည် ငါ၏သန့်ရှင်းရာဌာနထဲသို့ မဝင်ရ။
44:10 ဣသရေလအမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲပြီးလျှင်၊ မိမိတို့ရုပ်တုများနောက်သို့ လိုက်သွားသောအခါ၊ ငါ့ထံမှထွက်၍ လမ်းလွှဲသော လေဝိသားတို့သည်လည်း ကိုယ်အပြစ်ကိုခံရကြမည်။
44:11 သို့ရာတွင်၊ ငါ၏သန့်ရှင်းရာဌာနနှင့်ဆိုင်သောအမှုစောင့်ဖြစ်၍၊ ဗိမာန်တော်၌တံခါးတို့ကို စောင့်လျက်၊ အမှုတော်ကို ဆောင်ရွက်လျက် နေရကြမည်။ မီးရှို့ရာယဇ်နှင့် လူများပူဇော်သော ယဇ်ကောင်တို့ကိုသတ်၍၊ လူများကိုယ်စား အမှုတော်ကို ဆောင်ရွက်ရကြမည်။
44:12 သူတို့သည် ရုပ်တုတို့ရှေ့မှာ လူများအမှုကို ဆောင်ရွက်သဖြင့်၊ ဣသရေလအမျိုးထိမိ၍ ဒုစရိုက် အပြစ်ထဲသို့ လဲစရာအကြောင်း ဖြစ်ဖူးသောကြောင့်၊ သူတို့တစ်ဖက်၌ ငါကျိန်ဆို၍၊ သူတို့သည် ကိုယ်အပြစ်ကိုခံရကြမည်။
44:13 ယဇ်ပုရောဟိတ်လုပ်၍ ငါ့ထံသို့မချဉ်းကပ်ရကြ။ အလွန်သန့်ရှင်းသော ငါ့ဌာန၌ သန့်ရှင်းသောအရာတို့ကို မချဉ်းကပ်ရကြ။ ကိုယ်အရှက်ကွဲခြင်း၊ ကိုယ်ပြုမိသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကို ခံရကြမည်။
44:14 အိမ်တော်ကိုစောင့်၍၊ အိမ်တော်၌ ခပ်သိမ်းသောအမှုတို့ကို ဆောင်ရွက်စေခြင်းငှာ ငါခန့်ထားမည်။
44:15 ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
44:16 ထိုသူတို့သည် ငါ၏သန့်ရှင်းရာဌာနထဲသို့ဝင်၍ ငါ့အမှုကိုဆောင်ခြင်းငှာ၊ ငါ့စားပွဲအနားသို့ ချဉ်းကပ်၍ ငါ့အမှုစောင့်ဖြစ်ရကြမည်။
44:17 သူတို့သည် အတွင်းတံတိုင်းတံခါး အတွင်းသို့ ဝင်သောအခါ၊ ပိတ်အဝတ်ကိုသာ ဝတ်ရကြမည်။ အတွင်းတံတိုင်း တံခါးအတွင်း၌ အမှုတော်ကိုဆောင်ရွက်စဉ်၊ သိုးမွေးအဝတ်ကို မဝတ်ရကြ။
44:18 ခေါင်းပေါ်မှာ ပိတ်ဦးထုပ်ကို ဆောင်း၍၊ ခါး၌ ပိတ်ဘောင်းဘီကို ဝတ်ရကြမည်။ ချွေးထွက်စေသော အဝတ်ကို မဝတ်ရကြ။
44:19 လူများရှိရာ ပြင်တံတိုင်းသို့ ထွက်သွားသောအခါ၊ အမှုတော်ကို ဆောင်စဉ်တွင် ဝတ်သောအဝတ်ကို ချွတ်၍၊ သန့်ရှင်းသောအခန်းတို့၌ ထားပြီးလျှင်၊ အခြားသောအဝတ်ကို ဝတ်ရကြမည်။ အရင်အဝတ်ကိုဝတ်လျက် လူများတို့ကို မသန့်ရှင်းစေရကြ။
44:20 မိမိတို့ဆံပင်ကိုလည်း မရိတ်ရ၊ မရှည်စေခြင်းငှာ ဖြတ်ရမည်။
44:21 ယဇ်ပုရောဟိတ်သည် အတွင်းတံတိုင်းထဲသို့ ဝင်သောအခါ စပျစ်ရည်ကို မသောက်ရ။
44:22 မုဆိုးမနှင့် မစုံဖက်ရ။ လင်ကွာသောမိန်းမနှင့် မစုံဖက်ရ။ ဣသရေလအမျိုး အပျိုကညာနှင့် သော်လည်းကောင်း၊ ယဇ်ပုရောဟိတ်၏ မယားဖြစ်ဖူးသော မုဆိုးမနှင့်သော်လည်းကောင်း စုံဖက်ရမည်။
44:23 ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်းသော အရာတို့ကိုလည်းကောင်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ် သောအရာတို့ကိုလည်းကောင်း ပိုင်းခြား၍သိစေခြင်းငှာ သွန်သင်ရကြမည်။
44:24 တရားတွေ့မှုကို စီရင်လျှင်၊ ငါ၏ဓမ္မသတ်အတိုင်း စီရင်ရကြမည်။ ငါ၏ဓမ္မပွဲတို့ကို ဆောင်ရွက်လျှင်၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကိုလည်းကောင်း၊ ငါ၏ဥပုသ်နေ့တို့ကိုလည်းကောင်း စောင့်ရှောက်ရကြမည်။
44:25 အသေကောင်ကိုချဉ်း၍ ကိုယ်ကို မညစ်ညူးစေရ။ သို့ရာတွင်၊ ကိုယ်မိဘ၊ သားသမီး၊ ညီအစ်ကို၊ လင်မနေသောနှမအတွက် ကိုယ်ကို ညစ်ညူးစေရသော အခွင့်ရှိ၏။
44:26 သန့်ရှင်းခြင်းကိုပြုပြီးမှ ခုနစ်ရက်နေရမည်။
44:27 သန့်ရှင်းရာဌာန၌ အမှုတော်ကိုဆောင်ခြင်းငှာ အတွင်းတံတိုင်း သန့်ရှင်းရာဌာနထဲသို့ ဝင်သောနေ့တွင်၊ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
44:28 ထိုအရာသည် ယဇ်ပုရောဟိတ်တို့၏အမွေဥစ္စာဖြစ်ရမည်။ ငါသည် သူတို့အမွေဥစ္စာဖြစ်၏။ ဣသရေလပြည်၌ သူတို့အား အမွေမြေကို မပေးရ။ ငါသည် သူတို့၏အမွေမြေဖြစ်၏။
44:29 ပူဇော်သောမုန့်ညက်နှင့် အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကို စားရကြမည်။ ဣသရေလအမျိုးသား ကျိန်ဆို၍ ပူဇော်သမျှတို့ကိုလည်း သိမ်းယူရကြမည်။
44:30 အဦးသီးသော အသီးအမျိုးမျိုးနှင့်၊ ချီးမြှောက်ရာ ပူဇော်သကာအလုံးစုံတို့ကို ယဇ်ပုရောဟိတ်သည် သိမ်းယူရမည်။ သူသည်သင့်အိမ်၌ ကောင်းကြီးမင်္ဂလာကို သက်ရောက်စေခြင်းငှာ၊ အဦးနယ်သော မုန့်စိမ်းကို သူ၌လှူရမည်။
44:31 ငှက်ဖြစ်စေ၊ သားဖြစ်စေ၊ အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်ကို ယဇ်ပုရောဟိတ်မစားရ။