Ezekiel 45
45:1 သင်တို့သည် မြေကို အမွေခံခြင်းငှာ စာရေးတံချ၍ ပိုင်းခြားသောအခါ၊ သန့်ရှင်းသောမြေတစ်ကွက်ကို ထာဝရဘုရားအား ပူဇော်ရကြမည်။ ထိုအကွက်သည် အလျားကျူလုံးအပြန် နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိရမည်။ နယ်နိမိတ်ရှိသမျှသည်လည်း သန့်ရှင်းရမည်။
45:2 ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။
45:3 ထိုသို့ အလျားနှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းကိုတိုင်းပြီးမှ အလွန်သန့်ရှင်းသောအရပ်နှင့် သန့်ရှင်းသောဌာနတည်ရာ ဖြစ်ရမည်။
45:4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရား၏ အမှုတော်ကိုဆောင်ခြင်းငှာ အထံတော်သို့ချဉ်းကပ်၍၊ သန့်ရှင်းရာဌာန၏အမှုစောင့်၊ ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ သူတို့အိမ်ဆောက်စရာနှင့် သန့်ရှင်းရာဌာန တည်စရာဖို့ သန့်ရှင်းသောမြေဖြစ်ရမည်။
45:5 အလျား နှစ်သောင်းငါးထောင်၊ အနံ တစ်သောင်းရှိသော အကွက်သည် အိမ်တော်အမှုစောင့်လေဝိလူတို့နေရာ အခန်းနှစ်ဆယ် တည်ဆောက်စရာဖို့ ဖြစ်ရမည်။
45:6 မြို့တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်းသောအရပ် တစ်ဖက်တစ်ချက်၌ အလျား တစ်သောင်းငါးထောင်၊ အနံ ငါးထောင်ရှိ၍၊ ဣသရေလအမျိုးသားအပေါင်းတို့အဖို့ ဖြစ်ရမည်။
45:7 သန့်ရှင်းသောမြေကွက်နှင့် မြို့တော် နယ်နိမိတ် အနောက်ဘက်တစ်လျှောက်လုံးတစ်ပိုင်း၊ အရှေ့ဘက်တစ်လျှောက်လုံးတစ်ပိုင်းသည် မင်းသားအဖို့ ဖြစ်ရမည်။
45:8 ငါ၏မင်းသားတို့သည် နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမည်အကြောင်း၊ ထိုမြေသည် ဣသရေလပြည်၌ မင်းသားပိုင်သောမြေ ဖြစ်ရမည်။ ကြွင်းသောမြေကို ဣသရေလအမျိုးအနွယ် အသီးအသီးတို့အား ပေးဝေရမည်။
45:9 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသရေလမင်းသားတို့၊ ရောင့်ရဲသောစိတ်ရှိကြလော့။ အနိုင်အထက်ပြုခြင်း၊ လုယူခြင်းအမှုတို့ကို ပယ်ရှား၍၊ တရားသောအမှု ဟုတ်မှန်သောအမှုတို့ကို ပြုကြလော့။ နောက်တစ်ဖန် ငါ၏လူတို့ကို မညှဉ်းဆဲမနှိပ်စက်ကြနှင့်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
45:10 မှန်သောချိန်ခွင်၊ မှန်သောဧဖာ၊ မှန်သောဗတ်တို့ကို သုံးရကြမည်။
45:11 ဧဖာနှင့်ဗတ်သည် အညီအမျှရှိရမည်။ နှစ်ပါးသည် ဟောမဲကို အမှီပြု၍၊ ဧဖာသည် တစ်ဟောမဲတွင် ဆယ်စုတစ်စု၊ ဗတ်သည်လည်း တစ်ဟောမဲတွင် ဆယ်စုတစ်စုရှိရမည်။
45:12 ဂေရာနှစ်ဆယ်ကို တစ်ကျပ်၊ အကျပ်ခြောက်ဆယ်ကို တစ်မာနေရှိရမည်။
45:13 ချီးမြှောက်ရာ ပူဇော်သကာပြုသောအခါ၊ ဂျုံဆန်ဖြစ်စေ၊ မုယောဆန်ဖြစ်စေ၊ တစ်ဟောမဲတွင် တစ်ဩမဲကို ပူဇော်ရမည်။
45:14 ဆီနှင့်ဆိုင်သော ပညတ်ဟူမူကား၊ တစ်ကောရတွင် ဗတ်ဆယ်စုတစ်စုကို ပူဇော်ရမည်။ တစ်ဟောမဲသည် ဆယ်ဗတ်ဖြစ်သောကြောင့် တစ်ကောရသည် ဆယ်ဗတ်ဖြစ်သတည်း။
45:15 သူတို့အပြစ်ကို ဖြေခြင်းငှာ ဣသရေလကျက်စားရာ၊ ရေများသောအရပ်၌ရှိသော သိုးနှစ်ရာတွင် သိုးသငယ်တစ်ကောင်ကို ဘောဇဉ်ပူဇော်သကာနှင့်တကွ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
45:16 ထိုချီးမြှောက်ရာ ပူဇော်သကာကို ပြည်သူပြည်သားအပေါင်းတို့သည် ဣသရေလမင်းသားအား ဆက်ရကြမည်။
45:17 မင်းသားသည်လည်း ပွဲသဘင်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့၊ ဣသရေလအမျိုး ပရိသတ်စည်းဝေးသော နေ့ရက်အစဉ်အတိုင်း မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို ပူဇော်ရမည်။ ဣသရေလအမျိုး၏အပြစ်ကို ဖြေခြင်းငှာ အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။
45:18 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပထမလ တစ်ရက်နေ့တွင်၊ အပြစ်မပါ၊ အသက်ပျိုသော နွားထီးတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်စေရမည်။
45:19 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်ကောင် အသွေးအချို့ကိုယူ၍ အိမ်တော်တိုင်၌လည်းကောင်း၊ ယဇ်ပလ္လင် အောက်ထစ် လေးထောင့်၌လည်းကောင်း၊ အတွင်းတံတိုင်း တံခါးတိုင်၌လည်းကောင်း ထည့်ရမည်။
45:20 ထိုမှတစ်ပါး၊ မှားယွင်းသောသူနှင့် မိုက်သောသူအတွက် ခုနစ်ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော်၍၊ အိမ်တော်အတွက် အပြစ်ဖြေရာမင်္ဂလာကို ပြုရမည်။
45:21 ပထမလ တစ်ဆယ်လေးရက်နေ့တွင်၊ ပသခါပွဲကို ခံရမည်။ ခုနစ်ရက်ပတ်လုံးပွဲခံစဉ်တွင် တဆေးမဲ့မုန့်ကိုသာ စားရမည်။
45:22 ထိုနေ့၌ မင်းသားသည် ကိုယ်ဖို့လည်းကောင်း၊ ပြည်သူပြည်သား အပေါင်းတို့ဖို့လည်းကောင်း၊ နွားထီးတစ်ကောင်ကို အပြစ်ဖြေရာယဇ် ပူဇော်ရမည်။
45:23 ပွဲနေ့ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးရှို့ရာယဇ်ကို နွားထီးခုနစ်ကောင်၊ အပြစ်မပါသောသိုးထီး ခုနစ်ကောင်ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ်သငယ် တစ်ကောင်ကိုလည်းကောင်း နေ့တိုင်းပူဇော်ရမည်။
45:24 နွားဖြစ်စေ၊ သိုးဖြစ်စေ၊ တစ်ကောင်တစ်ကောင်နှင့် ပါရသော ဘောဇဉ်ပူဇော်သကာဖို့ မုန့်ညက်တစ်ဧဖာ၊ ဆီတစ်ဟိန်ကို ပြင်ဆင်ရမည်။
45:25 သတ္တမလ တစ်ဆယ်ငါးရက်နေ့တွင်၊ ပွဲခံ၍ ယခင်အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ဆီပူဇော်သကာပြုသည်အတိုင်း ခုနစ်ရက်ပတ်လုံးပြုရမည်။