Ezekiel 6
6:1 တစ်ဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
6:2 အချင်းလူသား၊ သင်သည် ဣသရေလတောင်တို့ကို မျက်နှာပြု၍၊ သူတို့တစ်ဖက်၌ ပရောဖက်ပြုလော့။
6:3 အို ဣသရေလတောင်တို့၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရ ဘုရားသည် တောင်ကြီး၊ တောင်ငယ်၊ မြစ်၊ ချိုင့်တို့အား မိန့်တော်မူသည်ကား၊ ငါသည် ကိုယ်တိုင်သင်တို့အပေါ်သို့ ဓားကိုရောက်စေ၍၊ မြင့်သောအရပ်တို့ကို ဖြိုဖျက်မည်။
6:4 သင်တို့ ယဇ်ပလ္လင်တို့သည် လူဆိတ်ညံလိမ့်မည်။ နေရုပ်တုတို့သည် ကျိုးပဲ့လိမ့်မည်။ ရုပ်တုဆင်းတုတို့ရှေ့မှာ သင်တို့၏သူရဲများကို ငါလှဲချမည်။
6:5 ရုပ်တုဆင်းတုတို့ရှေ့မှာ ဣသရေလအမျိုးသား အသေကောင်များကိုချထား၍၊ ယဇ်ပလ္လင်တို့ပတ်လည်၌ သင်တို့ အရိုးများကို ငါဖြန့်ကြဲမည်။
6:6 သင်တို့နေရာအရပ်ရပ်၌ ရှိသောမြို့တို့သည် ပြိုပျက်၍၊ မြင့်သော အရပ်တို့သည် လူဆိတ်ညံလျက်၊ ယဇ်ပလ္လင်တို့သည် သုတ်သင်ပယ်ရှင်းလျက်၊ ရုပ်တုဆင်းတု အမျိုးမျိုးတို့သည် ခုတ်လှဲချိုးဖဲ့ခြင်းကိုခံရလျက်၊ သင်တို့လုပ်သော အရာတို့သည် ပျောက်ပျက်လျက် ရှိကြလိမ့်မည်။
6:7 သင်တို့အလယ်၌ သူရဲတို့သည် လဲ၍သေကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
6:8 သို့သော်လည်း၊ သင်တို့သည် အပြည်ပြည်သို့ ကွဲပြားကြသောအခါ၊ လူအမျိုးမျိုးတို့၏ဓားနှင့် လွတ်သောသူအချို့ရှိစေခြင်းငှာ အကျန်အကြွင်းကို ငါထားမည်။
6:9 ငါ့ကိုစွန့်ပစ်၍ မှားယွင်းတတ်သော နှလုံးကိုလည်းကောင်း၊ ရုပ်တုဆင်းတုတို့နှင့် မှားယွင်းလိုသဖြင့် လိုက်၍ကြည့်သော မျက်စိတို့ကိုလည်းကောင်း ငါပယ်ဖျက်သောအခါ၊ လွတ်သောသူတို့သည် သိမ်းသွားခြင်းကိုခံရာ အပြည်ပြည်တို့၌ ငါ့ကိုအောက်မေ့ကြလိမ့်မည်။ ပြုမိသမျှသော စက်ဆုပ်ရွံရှာဖွယ်အမှုတို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။
6:10 ထိုသို့သောအပြစ်ဒဏ်ကို ငါပေးမည်ဟု၊ ငါထာဝရဘုရားသည် အချည်းနှီးမိန့်တော်မူသည် မဟုတ်ကြောင်းကို သိရကြလိမ့်မည်။
6:11 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးပြုမိသမျှသော ရွံရှာဖွယ်အမှုဆိုးတို့ကြောင့်၊ အမင်္ဂလာ ရှိပါသည်တကားဟုဆိုလျက်၊ လက်ခုပ်တီးလော့။ ခြေနှင့်ဆောင့်လော့။ အကြောင်းမူကား၊ သူတို့သည် ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ နာဘေးတို့ဖြင့်လဲ၍ သေကြလိမ့်မည်။
6:12 ဝေးသောသူသည် နာဘေးဖြင့်သေလျက်၊ နီးသောသူသည် ဓားဘေးဖြင့်ဆုံးလျက်၊ ထိုဘေးမှလွတ်၍ ကျန်ကြွင်းသောသူသည်လည်း မွတ်သိပ်ခြင်းဘေးဖြင့် သေလျက်၊ သူတို့၌ ငါ၏ဒေါသအရှိန် ပြည့်စုံလိမ့်မည်။
6:13 ရုပ်တုဆင်းတုအပေါင်းတို့အား နံ့သာပေါင်းကို ပူဇော်ရာအရပ်၊ ယဇ်ပလ္လင်များပတ်လည်၊ မြင့်သောကုန်း၊ တောင်ထိပ်ရှိသမျှတို့အပေါ်၊ စိမ်းသောသစ်ပင်၊ အရိပ်ကောင်းသော သပိတ်ပင်ရှိသမျှတို့ အောက်၌၊ ရုပ်တုဆင်းတုတို့တွင် သူရဲတို့သည်လဲ၍ သေလျက်ရှိကြသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။
6:14 သူတို့အပေါ်မှာ ငါသည်လက်ကိုဆန့်၍၊ ဒိဗလတ်မြို့နှင့် ဆိုင်သော လွင်ပြင်ထက်၊ သူတို့ နေလေရာရာပြည်ကို သာ၍ လူဆိတ်ညံရာ၊ အံ့ဩဖွယ်ရာ ဖြစ်စေသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။