Ezekiel 7
7:1 နောက်တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
7:2 အချင်းလူသား၊ အရှင်ထာဝရဘုရားသည် ဣသရေလပြည်သားတို့ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ ပြည်လေးထောင့်တို့သည် ဆုံးခြင်းသို့ရောက်ကြ၏။
7:3 သင်သည် ဆုံးခြင်းသို့ရောက်၍ သင့်အပေါ်သို့ ငါ၏အမျက်ကိုငါလွှတ်လိုက်မည်။ သင်၏အကျင့်နှင့်အလျောက် ငါစီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏ အကျိုးအပြစ်ကိုဆပ်ပေးမည်။
7:4 ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသော ရွံရှာဖွယ်အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
7:5 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဘေးတစ်ခု နောက်တစ်ခုရောက်လာ၏။
7:6 ဆုံးခြင်းဘေးရောက်လာ၏။ ဆုံးခြင်းဘေးရောက်လာ၏။ သင့်ကိုစောင့်လျက် ရောက်လာ၏။
7:7 အို ပြည်တော်သား၊ သင်သည် အလှည့်ခံရသောအချိန် ရောက်လာ၏။ အချိန်စေ့ပြီ။ ရွှင်လန်းစွာ ကြွေးကြော်ခြင်း မရှိရဘဲ၊ ရုန်းရင်းခတ်ခြင်းအမှုကို ပြုရသောနေ့နီးပြီ။
7:8 ငါသည် မကြာမမြင့်မီ သင်၏အပေါ်သို့ ငါ၏ဒေါသအရှိန်ကို သွန်းလောင်းမည်။ သင်၌ငါ့အမျက်အလိုကို ပြည့်စုံစေမည်။ သင်၏အကျင့်အတိုင်း စီရင်မည်။ သင်ပြုမိသမျှသော ရွံရှာဖွယ်အမှုတို့၏ အကျိုးအပြစ်ကို ဆပ်ပေးမည်။
7:9 နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံရှာဖွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြလိမ့်မည်။
7:10 နေ့ရက်ရောက်လာ၏။ ရောက်လာ၏။ အလှည့်ခံရချိန်စေ့ပြီ။ တံဖျာပွင့်ပြီ။ မာနကြီးပွားပြီ။
7:11 ညှဉ်းဆဲခြင်း အမြစ်မှ အပြစ်တံဖျာ ပေါက်လေပြီ။ သူတို့အစည်းအဝေး၊ သူတို့ပရိသတ် တစ်စုံတစ်ယောက်မျှ မကျန်ကြွင်းရ။ သူတို့အဖို့ ငိုကြွေးမြည်တမ်းခြင်းကို မပြုရ။
7:12 အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ ဝယ်သောသူသည် ဝမ်းမမြောက်စေနှင့်။ ရောင်းသောသူသည် စိတ်မသာ၊ မညည်းတွားစေနှင့်။ အကြောင်းမူကား၊ ထိုလူအစုအဝေးအပေါင်းတို့အပေါ်မှာ အမျက်တော်သည် တည်လျက်ရှိ၏။
7:13 ရောင်းသောသူသည် အသက်လွတ်လျက် ရှိသော်လည်း၊ ရောင်းသောမြေသို့ ပြန်၍မလာရ။ ထိုလူအစုအဝေး အပေါင်းတို့နှင့်ဆိုင်သော ဗျာဒိတ်ရူပါရုံသည် မပြည့်စုံဘဲမနေရ။ မတရားစွာ ကျင့်သောအားဖြင့် အဘယ်သူမျှ မတည်နိုင်ရ။
7:14 စစ်ခင်းကျင်းစေခြင်းငှာ တံပိုးကိုမှုတ်ကြသော်လည်း၊ အဘယ်သူမျှ စစ်ချီ၍မသွား။ အကြောင်းမူကား၊ ငါ့အမျက်သည် ထိုလူအစုအဝေး အပေါင်းတို့အပေါ်မှာ တည်လျက်ရှိ၏။
7:15 ပြင်၌ကား ဓားရှိ၏။ အတွင်း၌ကား နာခြင်း၊ မွတ်သိပ်ခြင်းရှိ၏။ လယ်ပြင်တွင်ရှိသောသူသည် ဓားဖြင့်သေလိမ့်မည်။ မြို့ထဲတွင်ရှိသော သူသည်လည်း နာခြင်း၊ မွတ်သိပ်ခြင်းအားဖြင့် ဆုံးလိမ့်မည်။
7:16 သို့ရာတွင် လွတ်သောသူတို့သည် လွတ်သောအခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြလိမ့်မည်။
7:17 ထိုသူရှိသမျှတို့သည် လက်အားလျော့၍၊ ဒူးသည်လည်း အရည်ဖြစ်လိမ့်မည်။
7:18 သူတို့သည်လည်း လျှော်တေအဝတ်ကို ဝတ်စည်းလျက်၊ ပြင်းစွာသော ထိတ်လန့်ခြင်းနှင့် ကိုယ်ကိုခြုံလျက်၊ တစ်ယောက်မျှ မကြွင်း၊ မျက်နှာရှက်ကြောက်လျက်၊ ဆံပင်ဖြတ်လျက် ရှိကြလိမ့်မည်။
7:19 သူတို့ငွေကို လမ်းသို့ပစ်၍၊ ရွှေကို ညစ်ညူးသောအရာကဲ့သို့ မှတ်ကြလိမ့်မည်။ ထာဝရဘုရား အမျက်ထွက်တော်မူသောကာလ၌၊ သူတို့ ရွှေငွေသည် သူတို့ကို ကယ်တင်ခြင်းငှာ မတတ်နိုင်။ သူတို့ အလိုဆန္ဒကို မဖြေနိုင်။ ဝစွာ မကျွေးနိုင်။ အကြောင်းမူကား၊ ထိုရွှေငွေသည် သူတို့ထိမိ၍ မှားယွင်းခြင်းအကြောင်း ဖြစ်သတည်း။
7:20 သူတို့၌ တင့်တယ်သော တန်ဆာအားဖြင့် သူတို့မာနကို တိုးပွားစေ၍၊ သူတို့၌ စက်ဆုပ်ဖွယ်သော ရုပ်တုဆင်းတုတို့ကိုလည်းကောင်း၊ ရွံရှာဖွယ်သော အရာတို့ကိုလည်းကောင်း လုပ်ကြသောကြောင့်၊ ထိုတန်ဆာကို ညစ်ညူးသောအရာ ဖြစ်စေခြင်းငှာ ငါစီရင်မည်။
7:21 တစ်ပါးအမျိုးသားတည်းဟူသော အဓမ္မလူတို့သည် လုယူဖျက်ဆီးစေခြင်းငှာ သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် ညစ်ညူးစေကြလိမ့်မည်။
7:22 ငါလည်း မျက်နှာလွှဲသည်ဖြစ်၍၊ သူတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေကြလိမ့်မည်။ ဓားပြတို့သည် ဝင်၍ ညစ်ညူးစေကြလိမ့်မည်။
7:23 သံကြိုးကို လုပ်လော့။ အကြောင်းမူကား၊ ပြည်သည် လူအသက်ကို သတ်ခြင်းအပြစ်နှင့် ပြည့်၏။ မြို့သည်လည်း ညှဉ်းဆဲနှိပ်စက်ခြင်းနှင့် ပြည့်၏။
7:24 ထိုကြောင့်၊ ကြမ်းကြုတ်သော လူမျိုးတို့ကို ငါဆောင်ခဲ့၍၊ သူတို့သည် အိမ်များကို သိမ်းယူကြလိမ့်မည်။ ခွန်အားကြီးမားသောသူတို့၏ မာနကို ငါငြိမ်းစေမည်။ သူတို့သန့်ရှင်းသော အရပ်တို့သည် ညစ်ညူးခြင်းရှိကြလိမ့်မည်။
7:25 ပျက်စီးခြင်းဘေးလာ၏။ သူတို့သည် ငြိမ်ဝပ်ခြင်းကို ရှာ၍မတွေ့ရကြ။
7:26 ဘေးတစ်ခုနောက်တစ်ခု၊ သတင်းတစ်ခု နောက်တစ်ခု ပေါ်လာလိမ့်မည်။ ပရောဖက်ထံမှာ ဗျာဒိတ်ရူပါရုံကို ရှာသော်လည်း မရကြ။ ယဇ်ပုရောဟိတ်တို့သည် တရားဟောသောအခွင့်၊ အသက်ကြီးသော သူတို့သည် အကြံပေးသောအခွင့်ကို မရဘဲနေကြလိမ့်မည်။
7:27 ရှင်ဘုရင်သည် ညည်းတွားမြည်တမ်းလိမ့်မည်။ မင်းသားသည် မှိုင်တွေခြင်းအဝတ်ကို ဝတ်ရလိမ့်မည်။ ပြည်သူပြည်သားတို့၏ လက်တို့သည် တုန်လှုပ်ကြလိမ့်မည်။ သူတို့ကျင့်ကြသည်အတိုင်း သူတို့၌ငါပြုမည်။ သူတို့စီရင်ကြသည်အတိုင်း ငါပြန်၍ စီရင်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။