Amos 5
5:1 အို ဣသရေလအမျိုး၊ ယခုသင်တို့၌ ငါမြွက်ဆို၍ မြည်တမ်းသောစကားကို နားထောင်ကြလော့။
5:2 ဣသရေလ သတို့သမီးကညာသည် လဲပြီ။ နောက်တစ်ဖန် မထရ။ မိမိမြေပေါ်မှာ တုံးလုံးနေ၏။ ချီကြွသောသူမရှိ။
5:3 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုး၏အမှုကိုထမ်းစေဖို့ လူတစ်ထောင်ကို ပေးနိုင်သောမြို့သည် လူတစ်ရာ၊ တစ်ရာကိုပေးနိုင်သောမြို့သည် တစ်ကျိပ်ကိုသာ ပေးနိုင်လိမ့်မည်။
5:4 ထာဝရဘုရားသည် ဣသရေလအမျိုးအား မိန့်တော်မူသည်ကား၊ ငါ့ကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာရကြလိမ့်မည်။
5:5 ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မဝင်ကြနှင့်။ ဗေရရှေဘမြို့သို့ မသွားကြနှင့်။ အကြောင်းမူကား၊ ဂိလဂါလမြို့သည် ဆက်ဆက် သိမ်းသွားခြင်းကို ခံရလိမ့်မည်။ ဗေသလမြို့သည်လည်း၊ အကျိုးနည်း ရှိရလိမ့်မည်။
5:6 ထာဝရဘုရားကို ရှာကြလော့။ ရှာလျှင် အသက်ချမ်းသာ ရကြလိမ့်မည်။ သို့မဟုတ်လျှင်၊ ယောသပ်အမျိုးအပေါ်မှာ မီးကဲ့သို့တက်၍၊ အဘယ်သူမျှ မငြိမ်းနိုင်အောင် ဣသရေလအမျိုးကို လောင်စေတော်မူမည်။
5:7 တရားသဖြင့်စီရင်ခြင်းကို ဒေါနဖြစ်စေ၍ ဖြောင့်မတ်ခြင်းတရားကို မြေသို့ချကြပြီးသောသူတို့၊
5:8 ခိမကြယ်စုနှင့် ခသိလကြယ်ကို ဖန်ဆင်းထသော၊ သေမင်းအရိပ်ကို နံနက်အလင်း ဖြစ်စေခြင်းငှာလည်းကောင်း၊ နေ့အလင်းကို ညအမိုက်ဖြစ်စေခြင်းငှာလည်းကောင်း စီရင်ထသော၊ ပင်လယ်ရေကိုခေါ်၍ မြေပေါ်မှာ သွန်းလောင်းထသော၊ ထာဝရဘုရားတည်းဟူသော ဘွဲ့နာမရှိထသော၊
5:9 ခွန်အားကြီးသော သူတို့ကိုလည်းကောင်း၊ ရဲတိုက်တို့ကိုလည်းကောင်း ဖျက်ဆီးတော်မူသော ဘုရားကို ရှာကြလော့။
5:10 မြို့တံခါးဝတွင် ဆုံးမတတ်သောသူကို မုန်း၍ ဖြောင့်မတ်စွာ ပြောတတ်သောသူကို ရွံရှာကြပြီတကား။
5:11 သင်တို့သည် ဆင်းရဲသားကိုနှိပ်စက်၍ ဂျုံစပါးကို တောင်းခံတတ်သောကြောင့်၊ ဆစ်သောကျောက်နှင့် တိုက်ကိုတည်သော်လည်း ထိုတိုက်၌ မနေရကြ။ နှစ်သက်ဖွယ်သော စပျစ်ဥယျာဉ်ကို စိုက်သော်လည်း၊ စပျစ်ရည်ကို မသောက်ရကြ။
5:12 သင်တို့ အထပ်ထပ် လွန်ကျူးသောဒုစရိုက်၊ အလွန်လေးသော အပြစ်တို့ကို ငါသိ၏။ ဖြောင့်မတ်သောသူကို နှောင့်ယှက်တတ်ကြ၏။ တံစိုးစားတတ်ကြ၏။ ဆင်းရဲသားကို တံခါးဝတွင် မတရားသဖြင့် စီရင်တတ်ကြ၏။
5:13 ထိုသို့သောကာလသည် ဆိုးယုတ်သောကာလ ဖြစ်သောကြောင့်၊ ပညာရှိသောသူသည် တိတ်ဆိတ်စွာ နေလိမ့်မည်။
5:14 အသက်ချမ်းသာစေခြင်းငှာ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။ ထိုသို့ပြုလျှင်၊ သင်တို့ဆိုတတ်သည်အတိုင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။
5:15 ဒုစရိုက်ကိုမုန်း၍ သုစရိုက်ကို ချစ်ကြလော့။ မြို့တံခါးဝတွင် တရားကို တည်စေကြလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကျန်ကြွင်းသော ယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
5:16 ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခပ်သိမ်းသောလမ်းတို့၌ မြည်တမ်းခြင်းရှိ၍ သွားလာသောသူတို့က၊ အလိုလေး၊ အလိုလေးဟု ဆိုကြလိမ့်မည်။ လယ်လုပ်သောသူသည် ညည်းတွားစေခြင်းငှာလည်းကောင်း၊ မြည်တမ်းတတ်သောသူသည် ငိုကြွေးမြည်တမ်းစေခြင်းငှာလည်းကောင်း ခေါ်ကြလိမ့်မည်။
5:17 ခပ်သိမ်းသော စပျစ်ဥယျာဉ်တို့၌လည်း မြည်တမ်းခြင်းရှိလိမ့်မည်။ အကြောင်းမူကား၊ ငါသည် သင်တို့အလယ်၌ လျှောက်သွားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
5:18 ထာဝရဘုရား၏နေ့ရက်ကို တောင့်တသောသူတို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏နေ့ရက်သည် သင်တို့၌ လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။
5:19 လူသည် ခြင်္သေ့ရှိရာမှပြေး၍ ဝံကိုတွေ့သကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ ထရံကိုမှီစဉ် မြွေကိုက်သကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
5:20 ထာဝရဘုရား၏နေ့ရက်သည်မလင်းဘဲ မိုက်လိမ့်မည်။ ထွန်းလင်းခြင်း အလျှင်းမရှိ၊ အမိုက်သက်သက် ဖြစ်လိမ့်မည်။
5:21 သင်တို့စောင့်သောပွဲနေ့တို့ကို ငါမုန်း၏။ စက်ဆုပ်ရွံရှာ၏။ ခြိုးခြံစွာကျင့်သောနေ့ရက်တို့၌ ငါမမွေ့လျော်။
5:22 မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သကာတို့ကို ဆက်ကပ်သော်လည်း ငါလက်မခံ။ ဆူဝသောတိရစ္ဆာန်တို့ကို မိတ်သဟာယယဇ် ပူဇော်သော်လည်း ငါသည် ပမာဏမပြု။
5:23 သင်တို့သီချင်းဆိုသံကို ပယ်ရှားကြလော့။ တယောထိုးသံကို ငါနားငြီးလှ၏။
5:24 တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို့လည်းကောင်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးသော မြစ်ရေကဲ့သို့လည်းကောင်း စီးစေကြလော့။
5:25 အို ဣသရေလအမျိုး၊ သင်တို့သည် ယဇ်နှင့် ပူဇော်သကာများကို တော၌အနှစ်လေးဆယ်ပတ်လုံး ငါ့အားပူဇော်ကြသလော။
5:26 သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသော ကိုယ်အဖို့လုပ်သောပုံတို့ကို ဆောင်ရွက်ကြပြီတကား။
5:27 ထိုကြောင့်၊ သင်တို့ကို ဒမာသက်မြို့တစ်ဖက်သို့ သိမ်းသွားစေခြင်းငှာ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ဟူ၍ ဘွဲ့နာမရှိသော ထာဝရဘုရား မိန့်တော်မူ၏။