Zechariah 10
10:1 နောက်မိုး ရွာရာကာလတွင် မိုးရွာစေမည်အကြောင်း၊ ထာဝရဘုရားထံတော်၌ ဆုတောင်းကြလော့။ ထာဝရဘုရားသည် လျှပ်စစ်ကိုပြင်ဆင်၍ များစွာမိုးရွာစေသဖြင့်၊ ခပ်သိမ်းသောလူတို့အဖို့ လယ်ပြင်၌ အပင် ပေါက်စေတော်မူမည်။
10:2 တေရပ်ရုပ်တုတို့သည် အနတ္တစကားကို ပြောကြ၏။ ပရောဖက်လုပ်သော သူတို့သည် မုသားရူပါရုံကိုမြင်၍၊ မမှန်သောအိပ်မက်ကို ဟောပြောကြ၏။ အချည်းနှီး နှစ်သိမ့်စေကြ၏။ ထိုကြောင့်၊ သိုးစုကဲ့သို့ လည်သွား၍ သိုးထိန်းမရှိသောကြောင့် ဆင်းရဲခံရကြ၏။
10:3 သိုးထိန်းတို့ကို ငါအမျက်ထွက်၍၊ ဆိတ်ထီးတို့ကို စစ်ကြောသဖြင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် မိမိသိုးစု ယုဒအမျိုးကို အကြည့်အရှုကြွလာ၍၊ ဘုန်းတော်ကိုဆောင်သော စစ်တိုက်မြင်းကဲ့သို့ ဖြစ်စေတော်မူမည်။
10:4 ထိုအမျိုးထဲက တိုက်ထောင့်အမြစ်ကျောက်၊ တံစို့၊ စစ်တိုက်လေး၊ မင်းဖြစ်သော လူအပေါင်းတို့သည် ထွက်ကြလိမ့်မည်။
10:5 သူတို့သည် စစ်တိုက်ရာတွင် လမ်း၌ရှိသောရွှံ့ကိုနင်းသော စစ်သူရဲကဲ့သို့ ဖြစ်ကြလိမ့်မည်။ ထာဝရဘုရား၏ ကျေးဇူးတော်ကို ခံရသောကြောင့်၊ စစ်တိုက်၍ မြင်းစီးသူရဲတို့ကို အရှက်ခွဲကြလိမ့်မည်။
10:6 ယုဒအမျိုးကိုလည်း ငါခိုင်ခံ့စေမည်။ ယောသပ်အမျိုးကိုလည်း ငါကယ်တင်မည်။ သူတို့ကို သနားစုံမက်သောကြောင့် နေရာချမည်။ သူတို့သည် နှင်ထုတ်ခြင်းကို မခံဖူးသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ငါသည် သူတို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၍ သူတို့စကားကို နားထောင်မည်။
10:7 ဧဖရိမ်အမျိုးသားတို့သည် သူရဲကဲ့သို့ ဖြစ်၍၊ စပျစ်ရည်နှင့်ဝသကဲ့သို့ ဝမ်းမြောက်ကြလိမ့်မည်။ သားမြေးတို့သည် မြင်လျက် ဝမ်းမြောက်၍၊ ထာဝရဘုရားကိုအမှီပြုလျက် ရွှင်လန်းကြလိမ့်မည်။
10:8 သူတို့ကို ငါနှိုးဆော်၍ စုဝေးစေမည်။ သူတို့သည် ငါ၏ရွေးနုတ်ခြင်းကို ခံရသောအားဖြင့်၊ အရင်များပြားသကဲ့သို့ တစ်ဖန် များပြားကြလိမ့်မည်။
10:9 သူတို့ကို တစ်ပါးအမျိုးသားတို့တွင် မျိုးစေ့ကဲ့သို့ ငါကြဲသဖြင့်၊ ဝေးသောပြည်၌ ငါ့ကိုအောက်မေ့၍၊ သားမြေးတို့နှင့်တကွ အသက်ရှင်လျက် ပြန်လာကြလိမ့်မည်။
10:10 သူတို့ကို အဲဂုတ္တုပြည်မှ တစ်ဖန် ငါဆောင်ခဲ့ဦးမည်။ အာရှုရိပြည်မှခေါ်၍ စုဝေးစေမည်။ ဂိလဒ်ပြည်နှင့် လေဗနုန်ပြည်သို့ တစ်ဖန် ငါဆောင်ခဲ့သဖြင့်၊ သူတို့ နေစရာဖို့ မြေမလောက်နိုင်။
10:11 ပင်လယ်အလယ်၌ လျှောက်သွား၍ ညှဉ်းဆဲလျက်၊ ပင်လယ်တံပိုးများကို ဒဏ်ခတ်တော်မူမည်။ မြစ်၌ နက်နဲသောအရပ်ရှိသမျှတို့လည်း ခန်းခြောက်ကြလိမ့်မည်။ အာရှုရိပြည်၏မာနကို နှိမ့်ချ၍၊ အဲဂုတ္တုမင်း၏အာဏာသည်လည်း ကွယ်ပျောက်လိမ့်မည်။
10:12 သူတို့ကို ထာဝရဘုရားအားဖြင့် ငါခိုင်ခံ့စေမည်။ နာမတော်ကို အမှီပြုလျက် လှည့်လည်၍ သွားကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။