Zechariah 9
9:1 ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကိုလည်းကောင်း၊ ဣသရေလအမျိုးအနွယ် အပေါင်းတို့ကိုလည်းကောင်း ကြည့်ရှုလျက် ရှိတော်မူ၏။
9:2 ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌လည်းကောင်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌လည်းကောင်း သင့်ရောက်ပေ၏။
9:3 တုရုမြို့သည် မိမိအဖို့ ရဲတိုက်ကိုတည်ဆောက်၍၊ ငွေကို မြေမှုန့်ကဲ့သို့လည်းကောင်း၊ ရွှေစင်ကို လမ်း၌ရှိသော ရွှံ့ကဲ့သို့လည်းကောင်း စုပုံသော်လည်း၊
9:4 ထာဝရဘုရားသည် သူတစ်ပါးလက်သို့သူ့ကိုအပ်၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။
9:5 ထိုအမှုကို အာရှကေလုန်မြို့သည်မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန် တုန်လှုပ်လိမ့်မည်။ ဧကြုန်မြို့လည်း မျှော်လင့်၍ အရှက်ကွဲသောကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့်မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။
9:6 အာဇုတ်မြို့၌ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏မာနကိုလည်း ငါချိုးဖဲ့မည်။
9:7 သူစားသောအသွေးကို သူ၏ပါးစပ်ထဲမှလည်းကောင်း၊ သူကိုက်သော ရွံရှာဖွယ်တို့ကို သူ၏သွားကြားမှလည်းကောင်း ငါနုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဖို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
9:8 အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှာ၊ ငါ့အိမ်တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့လူတို့ကို နောက်တစ်ဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခုကိုယ်တိုင်ကြည့်၍ မြင်ပြီ။
9:9 အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
9:10 ငါသည် ဧဖရိမ်ပြည်၌ ရထားကိုလည်းကောင်း၊ ယေရုရှလင်မြို့၌ မြင်းကိုလည်းကောင်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါး တိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်လည်းကောင်း တည်လိမ့်မည်။
9:11 သင်၏အမှုမူကား၊ ချုပ်ထားလျက်ရှိသော သင်၏လူတို့ကို၊ ရေမရှိသော မြေတွင်းထဲက၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည်။
9:12 အချုပ်ခံ၍ မျှော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသောကျေးဇူးကို ပြုဦးမည်ဟု ယနေ့ပင် ပြောထား၏။
9:13 ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင်လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တစ်ဖက်၌ နှိုးဆော်၍၊ သင့်ကို သူရဲ၏ဓားကဲ့သို့ ဖြစ်စေမည်။
9:14 ထာဝရဘုရားသည် သူတို့အပေါ်မှာထင်ရှားတော်မူ၍၊ မြားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေးလိမ့်မည်။ အရှင်ထာဝရ ဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေပွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။
9:15 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီးလျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့လည်းကောင်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့လည်းကောင်း ပြည့်ဝကြလိမ့်မည်။
9:16 ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရားသည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန် ကဲ့သို့ ဖြစ်ကြလိမ့်မည်။
9:17 ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ်အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကိုလည်းကောင်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကိုလည်းကောင်း တိုးပွားများပြားစေလိမ့်မည်။