Zechariah 8
8:1 တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
8:2 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဖို့ အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဖို့ စိတ်အားကြီးပြီ။
8:3 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာနေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍လည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏တောင်တော်ကို သန့်ရှင်းသောတောင် ဟူ၍လည်းကောင်း သမုတ်ကြလိမ့်မည်။
8:4 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုသော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝှေးကိုင်သော သူအပေါင်းတို့သည် ယေရုရှလင်မြို့လမ်းတို့၌ နေကြလေဦးမည်။
8:5 မြို့လမ်းတို့သည်လည်း ကစားသောသူငယ် ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိကြလိမ့်မည်။
8:6 တစ်ဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့ မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
8:7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှလည်းကောင်း၊ အနောက်ပြည်မှလည်းကောင်း ငါကယ်တင်၍၊
8:8 ဆောင်ခဲ့သဖြင့် သူတို့သည် ယေရုရှလင်မြို့ထဲမှာ နေရကြလိမ့်မည်။ သစ္စာတရားနှင့် ဖြောင့်မတ်ခြင်းတရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍ ငါသည်လည်း သူတို့၏ဘုရားသခင် ဖြစ်လိမ့်မည်။
8:9 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှာ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟောပြောသော ဤစကားကို ယခုကာလ၌ ကြားသောသူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။
8:10 ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသော အကျိုးမရှိ။ ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူအပေါင်းတို့ကို တစ်ယောက်နှင့် တစ်ယောက် ရန်ဘက်ဖြစ်စေ၏။
8:11 ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
8:12 မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကိုလည်းကောင်း၊ မြေသည် မိမိစီးပွားကိုလည်းကောင်း၊ မိုးကောင်းကင်သည် နှင်းရည်ကိုလည်းကောင်း ပေးရလိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှာ ငါပြုမည်။
8:13 အို ယုဒအမျိုးနှင့် ဣသရေလအမျိုးတို့၊ သင်တို့သည် တစ်ပါးအမျိုးတို့တွင် ကျိန်ဆဲရာဖြစ်ဖူးသကဲ့သို့၊ ကောင်းကြီးခံရာ ဖြစ်စေခြင်းငှာ ငါကယ်တင်မည်။ မစိုးရိမ္ဘဲ လက္အားႀကီးၾကေလာ့။
8:14 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊
8:15 တစ်ဖန် ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒအမျိုးကို ကျေးဇူးပြုမည်ဟု ငါကြံပြန်၏။ မစိုးရိမ်ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
8:16 သင်တို့ ကျင့်ရမည်အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တစ်ယောက်နှင့် တစ်ယောက် မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝမှာ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှာ ဆုံးဖြတ်ကြလော့။
8:17 တစ်ယောက်ကိုတစ်ယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
8:18 တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
8:19 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဉ္စမလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက်ကြလော့။
8:20 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။
8:21 မြို့တစ်မြို့၌ နေသောသူသည် အခြားမြို့တစ်မြို့၌ နေသောသူတို့ဆီသို့ သွား၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာလည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ရှာခြင်းငှာလည်းကောင်း ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်ဟု ခေါ်ကြလိမ့်မည်။
8:22 ကြီးသော တိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ယေရုရှလင်မြို့၌ ရှာ၍၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှာ လာကြလိမ့်မည်။
8:23 ထိုကာလ၌ ဘာသာအသီးအသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင် တစ်ကျိပ်သော လူတို့သည် ယုဒလူဖြစ်သော သူ၏အဝတ်စွန်းကိုကိုင်လျက်၊ ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ၍၊ သင်တို့နှင့်အတူ လိုက်ပါမည်ဟု ဆိုကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။