Numbers 16
16:1 လေဝိအမျိုး၊ ကောဟတ်သား ဣဇဟာ၏သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့်အဘိရံ၊ ပေလက်၏သား ဩနတို့ကိုခေါ်ပြီးလျှင်၊
16:2 ပရိသတ်၌ကျော်စော၍ ဂုဏ်အသရေရှိသောသူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုးသားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကိုပုန်ကန်၍၊
16:3 မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိသမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရားသည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
16:4 ထိုစကားကိုမောရှေကြားလျှင် ပျပ်ဝပ်လျက်နေ၏။
16:5 တစ်ဖန် မောရှေက၊ အဘယ်သူသည် ထာဝရဘုရား၏လူ ဖြစ်သည်ကိုလည်းကောင်း၊ အဘယ်သူ သန့်ရှင်းသည်ကိုလည်းကောင်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကိုလည်းကောင်း၊ နက်ဖြန်နေ့၌ ထာဝရဘုရားပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်းကပ်စေတော်မူမည်။
16:6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှတို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကိုယူ၍၊
16:7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့်လောဗန်ကိုတင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသောသူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
16:8 တစ်ဖန် မောရှေက၊ အိုလေဝိသားတို့၊ နားထောင်ကြပါလော့။
16:9 သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကိုဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကိုလည်း စောင့်စေမည်အကြံ ရှိတော်မူသည်နှင့်၊ ဣသရေလအမျိုး၏ ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ခေါ်၍ နေရာချခြင်းငှာ၊ ဣသရေလအမျိုး ပရိသတ်နှင့်ခွဲထား၍၊
16:10 သင့်ကိုလည်းကောင်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်းတို့ကိုလည်းကောင်း၊ အနီးအပါး၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
16:11 ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်း ရှိသမျှတို့သည် ထာဝရဘုရားတစ်ဖက်၌ စုဝေးကြပြီတကား။ အာရုန်ကိုအပြစ်တင်၍ မြည်တမ်းရမည်အကြောင်း၊ သူသည် အဘယ်သို့သောသူဖြစ်သနည်းဟု ကောရအားဆိုပြီးမှ၊
16:12 ဧလျာဘသား ဒါသန်နှင့်အဘိရံတို့ကိုခေါ်ခြင်းငှာ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
16:13 သင်သည် ဤတော၌ ငါတို့ကိုသတ်လို၍ နို့နှင့်ပျားရည်စီးသောပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
16:14 ထိုမှတစ်ပါး နို့နှင့် ပျားရည်စီးသောပြည်သို့ ငါတို့ကိုမဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကိုမပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့မလာဟု ပြန်ဆို၏။
16:15 မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ပူဇော်သကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတစ်ကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တစ်ယောက်ကိုမျှမညှဉ်းဆဲပါဟု ထာဝရဘုရားအားလျှောက်၍၊
16:16 ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်း ရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
16:17 လူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ လောဗန်ကိုတင်ပြီးမှ၊ သင်နှင့်အာရုန်သည်လည်း မိမိတို့လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့ကြလော့ဟု ဆိုသည်အတိုင်း၊
16:18 ထိုသူအသီးအသီးတို့သည် မိမိတို့လင်ပန်းများကိုယူ၍ မီးနှင့်လောဗန်ကိုတင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့်အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေကြ၏။
16:19 ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တစ်ဖက်၌စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
16:20 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့်ခွာ၍ တခြားစီနေလော့။ ငါသည် သူတို့ကိုချက်ချင်းဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အားမိန့်တော်မူလျှင်၊
16:22 သူတို့ကပျပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ်သိမ်းသောသတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင်၊ လူတစ်ယောက်အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
16:23 ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံတို့၏တဲများကို ရှောင်၍နေစေခြင်းငှာ၊ ပရိသတ်တို့အားဆင့်ဆိုလော့ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
16:25 မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူတို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့သွားပြီးမှ၊
16:26 ဤလူဆိုးတို့၏ နေရာတဲများကို ရှောင်၍နေကြပါလော့။ သူတို့၏ဥစ္စာ တစ်စုံတစ်ခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆိုလျှင်၊
16:27 လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယားအကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
16:28 မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည်အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည်အကြောင်းကို သင်တို့သည် အဘယ်သို့သိရမည်နည်း ဟူမူကား၊
16:29 ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော သေခြင်း၊ ခပ်သိမ်းသောလူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ်တော်မမူ။
16:30 သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကိုလည်းကောင်း၊ သူတို့နှင့်ဆိုင်သမျှကိုလည်းကောင်းမျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှားကြောင်းကို သင်တို့သည် သိနားလည်ရကြလိမ့်မည်ဟု၊
16:31 ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာမြေကြီးသည် ကွဲ၍၊
16:32 မိမိခံတွင်းကိုဖွင့်သဖြင့်၊ သူတို့နှင့် သူတို့အိမ်များကိုလည်းကောင်း၊ ကောရနှင့်ဆိုင်သမျှသောသူတို့နှင့် သူတို့ဥစ္စာရှိသမျှကိုလည်းကောင်း မျိုလေ၏။
16:33 ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသောသူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ဆင်းသက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှပယ်ရှင်းခြင်းကို ခံရကြ၏။
16:34 သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက်ပြေးကြ၏။
16:35 နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောသူနှစ်ရာငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
16:36 ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသောလင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကိုပစ်ချပြီးမှ၊
16:38 ကိုယ်အသက်ကို သေစေခြင်းငှာ ပြစ်မှားသောသူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရားရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့်ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ်ရကြမည်ဟု မောရှေအားမိန့်တော်မူသည်အတိုင်း၊
16:39 ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်းကိုခံရသော သူတို့ပူဇော်သော လင်ပန်းများကိုယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာကြေးဝါပြားတို့ကို လုပ်လေ၏။
16:40 ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတစ်ပါးသောအမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည်အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
16:41 နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့်အာရုန်တို့ကို အပြစ်တင်၍ မြည်တမ်းကြ၏။
16:42 ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာတဲတော်သို့ မျှော်ကြည့်၍၊ မိုးတိမ်သည် တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။
16:43 မောရှေနှင့်အာရုန်တို့သည် ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
16:44 ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့ကို ရှောင်၍နေကြလော့။ ငါသည် သူတို့ကို ချက်ချင်းဖျက်ဆီးမည်ဟု မောရှေအားမိန့်တော်မူလျှင်၊ သူတို့သည် ပျပ်ဝပ်လျက်နေကြ၏။
16:46 မောရှေကလည်း၊ သင်သည် လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်ကမီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကိုလည်းတင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကိုပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက်ရှိပြီဟု၊
16:47 အာရုန်အားမှာထားသည်အတိုင်း၊ အာရုန်သည်ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့၌ဘေးဥပဒ်ရောက်စ ရှိသည်ဖြစ်၍၊ လောဗန်ကိုတင်သဖြင့် လူများတို့အဖို့ အပြစ်ဖြေခြင်းကိုပြု၏။
16:48 အသက်ရှင်သောသူ၊ သေသောသူစပ်ကြားမှာရပ်နေ၍၊ ဘေးဥပဒ်ငြိမ်းလေ၏။
16:49 ကောရအမှုကြောင့် သေသောသူတို့ကိုထား၍ ထိုဘေးဥပဒ်ဖြင့် သေသောလူပေါင်းကား၊ တစ်သောင်းလေးထောင်ခုနစ်ရာ ရှိသတည်း။
16:50 ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ပြန်လာ၏။