Numbers 17
17:1 တစ်ဖန် ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကား၊
17:2 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလဆယ်နှစ်မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ်နှစ်ချောင်းတို့ကိုယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
17:3 လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတစ်ဦးလျှင် လှံတံတစ်ချောင်းစီရှိရမည်။
17:4 ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာအရပ်၊ ပရိသတ်စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
17:5 ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့်ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တစ်ဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
17:6 မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုးအလိုက်၊ မင်းတစ်ဦးလျှင် လှံတံတစ်ချောင်းစီ လှံတံဆယ်နှစ်ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ၌ပါသတည်း။
17:7 မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထားလေ၏။
17:8 နက်ဖြန်နေ့၌ သက်သေခံချက် တဲတော်အတွင်းသို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လျက်၊ ဗာတံသီးကိုသီးလျက် ရှိ၏။
17:9 မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရားထံတော်က ဣသရေလအမျိုးသားတို့ရှေ့သို့ ထုတ်ဆောင်သဖြင့်၊ သူတို့သည်ကြည့်ရှု၍၊ လူတိုင်းမိမိလှံတံကို ယူပြန်လေ၏။
17:10 ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့တစ်ဖက်၌ သက်သေဖြစ်စေခြင်းငှာ၊ အာရုန်၏လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း၊ သူတို့အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
17:11 မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည်ပြုလေ၏။
17:12 ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် သေကြေပျက်စီးကြပါ၏။ တစ်ယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
17:13 ထာဝရဘုရား၏တဲတော်ကို ချဉ်းကပ်သောသူတိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ရှိသမျှသည် သေဘေးသင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။